အိန္ဒိယတွင် ဆန္ဒပြ လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်

အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူထောင်ချီတဲ့ လယ်သမားတွေက မြို့တော် နယူးဒေလီမှာ အရံအတားတွေကို ချိုးဖျက်ခဲ့လို့ ဇန်နဝါရီ ၂၆ ရက်က ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် လူ ၁ ယောက် သေဆုံးပြီး ရဲအယောက် ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ဆိုပါတယ်။

နယူးဒေလီမြို့စွန်ကနေ လယ်ထွန်စက်တွေပါတဲ့ ဆန္ဒပြယာဉ်တန်း ဝင်လာအပြီးမှာ ရဲတွေက လူစုခွဲဖို့ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ 

ပုဂ္ဂလိက ဝယ်သူတွေ ကုန်သည်ကြီးတွေ အကျိုးအမြတ်များအောင် ကူညီရာ ရောက်တယ်လို့ ဝေဖန်နေတဲ့ ဥပဒေမူကြမ်းကို ဒေါသထွက်နေတဲ့ စိုက်ပျိုးသူတွေဟာ နယူးဒေလီမြို့အပြင်မှာ သပိတ်စခန်းဖွင့်ထားတာ ၂ လနီးပါး ရှိနေပါပြီ။

ဒါဟာ ၂၀၁၄ မှာ အာဏာရလာတဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီအတွက် အကြီးဆုံး စိန်ခေါ်မှုတွေထဲက တရပ် ဖြစ်ပါတယ်။

ငြိမ်းချမ်းတဲ့ ချီတက်ပွဲကနေ ပရမ်းပတာ အကြမ်းဖက်တဲ့အဆင့် ရောက်သွားတာကို ဆန္ဒပြ ခေါင်းဆောင်က ပြစ်တင်ဝေဖန်လိုက်ပေမယ့် သပိတ်လှန်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လယ်သမားတချို့က မြို့ရဲ့သမိုင်းဝင် ခံတပ်နီကို ဝင်ရောက်စီးနင်းပြီး ခံတပ် အစိတ်အပိုင်းတွေကို သိမ်းပိုက်ခဲ့အပြီးမှာ အစိုးရက ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်ထားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် အိန္ဒိယမှာ အခြေခံဥပဒေကို တရားဝင် စတင်ကျင့်သုံးတဲ့ အထိမ်းအမှတ် ပြည်သူ့သမ္မတနေ့ အခမ်းအနားလည်း အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up