Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေး
DVB
·
January 27, 2021

နိုင်ငံတဝန်းရှိ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ထိုးပေးနေသလို ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ကို ဒီကနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေပါတယ်။

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကိုပေးအပ်တဲ့  ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာဒီကနေ့ ဇန်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကယားပြည်နယ်အတွက် ပထမအသုတ်အနေနဲ့ မြန်မာ့လေကြောင်းလိုင်းနဲ့ ရောက်ရှိလာဖြစ်ပါတယ်။

ပထမအသုတ်အဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ပြည်သူ့ကျန်းမာရေးဌာနမှာလုပ်နေတဲ့ ဆရာဝန်တွေ သူနာပြုတွေ ထိုပေးမှာဖြစ်သလို အစိုးရဝန်ထမ်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ထိုး ပေးမှာဖြစ်တယ်လို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောပါတယ်။

“ပထမဆုံးရောက်တဲ့ကာကွယ်ဆေးအသုတ်သည် ဆရာတို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးရုံတွေမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပြည်သူ့ကျန်းမာရေးဌာနမှာရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ပထမဆုံးကျန်းမာရေးတွေကို ဦးစားပေးထိုးမယ်။ နောက်ပြီးတော့ သူနာပြုသင်တန်းကျောင်း၊ FDA နောက်တခါ တိုင်းရင်းဆေး၊ အားကာသိပ္ပံ အားကာဦးစီးဌာန၊ ဒါ့အပြင် ပြင်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေပေါ့နော်။ အဲဒါတွေအတွက်ကို ကာကွယ်ဆေးတွေရောက်လာတယ်။ ”

ကယားပြည်နယ်အတွက် ဆေးလုံးရေ ၂၂၂ လုံး ရောက်ရှိလာတာဖြစ်ပြီး ဒီကနေ့ ပထမဆုံးအနေနဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံမှာရှိတဲ့ ဆရာဝန်နဲ့ သူနာပြု အယောက် ၂၂၀ ကို ထိုးပေးတာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာလည်း ဆေးရုံအသီးသီးမှာရှိတဲ့ ဆရာဝန်ဆရာမတွေနဲ့ မြို့နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးမယ်လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက်မှာတော့ သူနာပြုသင်တန်းကျောင်း၊ FDA၊ တိုင်းရင်းဆေးရုံက ဆရာဝန်ဆရာမနဲ့ အားကာသိပ္ပံက တာဝန်ရှိသူတွေအပြင် စေတနာ့ဝန်ထမ်းလုပ်နေတဲ့ ကွာရန်တင်းစင်က တာဝန်ရှိသူတွေကို ထိုးပေးမှာဖြစ်ပါတယ်။ 

အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ လာမယ့်ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထိုးပေးဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။

ရောက်ရှိလာတဲ့ဆေးအပေါ်မှာမူတည်ပြီး ထိုးသင့်တဲ့သူတွေကို ဆက်လက်ထိုးနှံပေးမှာဖြစ်ပြီး မနေ့ကစလို့ ရပ်ကွက်တွေမှာလည်း ကာကွယ်ဆေးထိုးပေးမဲ့ လူစာရင်း  ကောက်ယူနေပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် လှူထားတဲ့ ကိုဗစ်-၁၉ ကာကွယ်‌ဆေးတွေကို ပထမအသုတ်အနေနဲ့ စတင်ထိုးပေးနေတာဖြစ်ပြီး နိုင်ငံတော် အစိုးရ ဝယ်ထားတဲ့ ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ထဲက ၂ သန်းလောက် လာမယ့် ဖေဖော်ဝါရီလမှာ ရောက်လာဖို့ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024