ရာထူးမှ ထုတ်ပယ်ခံရသည့်အပေါ် စိတ်ပျက်ဟု နည်းပြ လမ်းပတ်ပြော

ချဲလ်ဆီးအသင်းကို ဆက်လက်တာဝန်ယူခွင့် ငြင်းပယ်ခံခဲ့ရခြင်းအပေါ် စိတ်ပျက်မိတယ်လို့ ဖရန့်လမ်းပတ်က ပြောပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ လမ်းပတ်ဟာ တနင်္လာနေ့မှာ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါပြီ။ တာဝန်ယူပြီး ၁၈ လအကြာမှာ ထုတ်ပယ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ 

ကစားသမားဘဝတုန်းက အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦး ဖြစ်ခဲ့ပေမဲ့ နည်းပြဘဝမှာတော့ လမ်းပတ်ဟာ အသင်းပိုင်ရှင်ရဲ့ ခန့်လိုက်၊ ထုတ်လိုက်ပုံစံကို မကျော်လွှားနိုင်ခဲ့ပါဘူး။

အခုရာသီအစပိုင်းမှာ ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယား ထိပ်အထိ ရောက်ခဲ့ပေမဲ့ ‌နောက်ပိုင်း ခြေစွမ်းကျဆင်းလာခြင်းနဲ့အတူ အဆင့် ၉ အထိ ဆင်းခဲ့ကာ ဒီအခြေအနေက လမ်းပတ်ကို အသင်းနဲ့ လမ်းခွဲစေခဲ့ပါတယ်။

လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခြင်းနဲ့ပတ်သက်လို့ အသင်းပိုင်ရှင် အီဗရာမိုဗစ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ သူဟာ နည်းပြဟောင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေဆဲဖြစ်ပြီး သူ့ကို အသင်းထံပြန်လာဖို့ အမြဲတမ်း နွေးနွေးထွေးထွေး ကြိုနေပါ့မယ်လို့ ပြောပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအဖြစ် လမ်းပတ်ကလည်း တနင်္လာနေ့ ညနေပိုင်းမှာ သူ့အင်စတာဂရမ်မှာ အခုလို ရေးသားခဲ့ပါတယ်။ 

“ကျနော့်ဘဝရဲ့ ကာလရှည်အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတဲ့ ချဲလ်ဆီးအသင်းမှာ နည်းပြခွင့်ရခဲ့တာက ဂုဏ်ယူစရာပါ။ ပထဆုံးအနေနဲ့ ကျနော့်ကို ပြီးခဲ့တဲ့ ၁၈ လအတွင်း ပေးခဲ့တဲ့ ပရိသတ်တွေရဲ့ မယုံကြည်နိုင်လောက်စရာ ထောက်ခံမှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဒါဟာ ကျနော့်အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာကို သိစေချင်ပါတယ်။”

နည်းပြဟောင်း ဆာရီကို ရာထူးကနေ ထုတ်ပယ်ပြီး လမ်းပတ်ကို အစားထိုးချိန်မှာ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ အပိတ်ခံရမှုနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ အဓိက ကစားသမား ဟာဇက် ထွက်ခွာသွားချိန်လည်း ဖြစ်ပါတယ်။ 

လမ်းပတ်က “ကျနော် ဒီရာထူးကို ရယူတဲ့အချိန်မှာ ဒီအသင်းမှာရှိနေတဲ့ စိန်ခေါ်မှုတွေကို သဘောပေါက် နားလည်ပါတယ်။ ကျနော်တို့ ရခဲ့တဲ့ အောင်မြင်မှုတွေအပြင်၊ အကယ်ဒမီကနေ အသင်းကြီးကို ရောက်ရှိလာတဲ့ ကစားသမားတွေအတွက်လည်း ဂုဏ်ယူမိပါတယ်။ သူတို့ဟာ အသင်းရဲ့ အနာဂတ်တွေပါ။ ဒါပေမဲ့ အသင်းကို နောက်ထပ်အဆင့်တစ်ခုအထိ ရောက်ဖို့ ရှေ့ဆက် လုပ်ဆောင်ခွင့်မရှိတော့တဲ့အပေါ်မှာတော့ စိတ်ပျက်မိပါ တယ်။ အသင်းပိုင်ရှင်၊ ဘုတ်အဖွဲ့၊ ကစားသမားတွေ၊ နည်းပြအဖွဲ့တွေနဲ့ အသင်းမှာရှိတဲ့လူတိုင်းကို အထူးသဖြင့် ကြိုတင်ခန့်မှန်းလို့မရတဲ့ စိန်ခေါ်မှုများတဲ့အချိန်တွေမှာ ကြိုးစားပေးခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်။ ချဲလ်ဆီးအသင်း အနာဂတ်မှာ အောင်မြင်စေဖို့လည်း ဆုတောင်းပေးပါတယ်” လို့ ရေးသားထားပါတယ်။

လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီနည်းပြဟာင်း သောမတ်စ်တူချယ်ကို သူ့နေရာမှာ အစားထိုးသွားဖို့ ရှိနေပါတယ်။ 

အသက် ၄၇ နှစ်အရွယ် တူချယ်ကို အခုသီတင်းပတ်ထဲမှာတင် အပြီးသတ် ခေါ်ယူသွားနိုင်တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up