ရန်ကုန် ကိုဗစ်-၁၉ တုံ့ပြန်မှုလုပ်ငန်းအတွက် အီတလီက ယူရိုငွေ ၁ သန်း ပေးအပ်
စိုးမိုးအောင်
·
January 21, 2021
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ တုံ့ပြန်မှုလုပ်ငန်းတွေအတွက် အီတလီဖွံဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ယူရိုငွေ ၁ သန်းပေးအပ်ပွဲကို ဒီကနေ့ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာမှာ ကျင်းပပါတယ်။
အခမ်းအနားတက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေ တစ်နေ့ကို အယောက် ၁၀၀ အောက်ကျဆင်းလာပါက အတိုင်းအတာတခုအထိ ကပ်ဘေးကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းမှ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း တစ်ရက်ကို အတည်ပြုလူနာ ၁၀၀၀ ကျော်ကနေ ၂၀၀၀ လောက်အထိ ကူးစက်မှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။
အခုရက်အတွင်းမှာတော့ ကူးစက်ခံရသူ ၁၀၀ ကျော်ကျဆင်းလာတာ သုံးရက်ဆက်တိုက် ရှိလာတာကြောင့် ၁၀၀ ကျဆင်းလာပါက အတိုင်းအတာတခုအထိ ရောဂါထိန်းချုပ်နိုင်မယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ရန်ကုန်မြို့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်းနှုန်းလောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအပေါ် စိုးရိမ်နေပြီး ဖြစ်ပွားလာခဲ့ရင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့ စိန်ခေါ်မှုတွေများစွာ ရှိနေတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရန်ကုန်မြို့မှာ အပြင်ထွက်တိုင်း Maskတပ်ဖို့၊ လက်ဆေးဖို့၊ လူချင်းခပ်ခွာခွာနေဖို့ အဝါရောင်ကမ်ပိန်းလှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။