ရီးရဲလ်အသင်း အယ်လ်ကိုယာနိုကို  ၂-၁ ဂိုးဖြင့်ရှုံးပြီး ကိုပါဒယ်ရေးဖလားပွဲက ထွက်ရ

မနေ့ညက ကန်သွားတဲ့ ကိုပါဒယ်လ်ရေးဖလားပွဲစဉ်မှာ အယ်လ်ကိုယာနိုအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာနဲ့  ပတ်သက်လို့ သူ့မှာ တာဝန်ရှိကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။  ပြိုင်ပွဲရဲ့ ၃၂ သင်း အဆင့်ပွဲစဉ်မှာ စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ တတိယတန်းအဆင့် အယ်လ်ကိုယာနိုအသင်းကို ပထမပိုင်းမှာတင်  တစ် ဂိုး ဂိုး မရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ မိနစ် ၈၀ မှာ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒါ့ကြောင့်အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း ပြိုင်ဘက်အသင်းဘက်က တစ်ယောက် အထုတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အယ်လ်ကိုယာနို ကစားသမား ဂျူအာနန်က လိုအပ်နေတဲ့အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ရီးရဲလ်ကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။  ဒီပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့လို့ စူပါဖလား ပြိုင်ပွဲက ထွက်ခွာခဲ့ရကာ လာလီဂါမှာလည်း အိုဆာဆူနာအသင်းနဲ့ ဂိုး မရှိ သရေကျခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ရလဒ်ကြောင့် နည်းပြ ဇီဒန်းဟာ ဖိအားတွေ ပိုတိုးလာခဲ့ပြီဖြစ်ပေမဲ့ သူ့ကစားသမားတွေကိုတော့ ကာကွယ်ပြောဆိုခဲ့ပါတယ်။  ဒါပေမဲ့ သူဟာ ကစားသမားတွေရဲ့ ထောက်ခံမှုကို ရရှိနေသေးလားဆိုတာ မသေချာတော့ဘူးလို့လည်း ဝန်ခံပါတယ်။  ဇီဒန်းက “ ခင်ဗျားအနေနဲ့ ကျနော်ကို ကစားသမားတွေ ထောက်ခံသေးလားဆိုတာကို ကိုယ်တိုင်သွား မေးသင့်ပါတယ်။ ကျနော် အရင်တုန်းကလိုပဲ တာဝန်ယူရပါမယ်။ ကစားသမား တွေက ကြိုးစားခဲ့ကြပြီး ဒုတိယဂိုးသာရရှိခဲ့မယ်ဆိုရင် ပွဲရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်။ ပြိုင်ဘက်ဂိုးသမားက ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆီဂန်ဒါဘီက အသင်းနဲ့ ကစားခဲ့ရပြီး အနိုင်ရခဲ့သင့်ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။

More News
Up