ရန်ကုန်က ပန်းခြံများ အချိန်အကန့်အသတ်ဖြင့် ပြန်ဖွင့်
DVB
·
January 21, 2021
ရန်ကုန်မြို့မှာရှိတဲ့ ပန်းခြံတွေကို ဇန်နဝါရီ ၂၁ ရက်ကစပြီး မနက် ၅ နာရီကနေ ၉ နာရီခွဲ အထိ အချိန်အကန့်အသတ်နဲ့ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။
ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာရုံး ပိတ်ရက်ကာလတွေမှာ လူစုလူဝေး မဖြစ်ပေါ်စေဖို့ ရန်ကုန်တိုင်းထဲက အများပြည်သူစုဝေးတတ်တဲ့နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ် ၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ဘောင်၊ ပန်းခြံတွေနဲ့အားကစားကွင်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကနေ ၃၁ ရက်အထိ ခေတ္တပိတ်ထားဖို့ကို ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီနောက် ၁၀ ရက် သက်တမ်းတိုးပြီး ဇန်နဝါရီ ၂၀ ရက်နေ့အထိ ပိတ်ထားရာက ဒီနေ့ မနက် အကန့်အသတ်နဲ့ ပြန်ဖွင့်လိုက်တာပါ။
ဒီကနေ့မနက် ပန်းခြံတွေ စတင်ဖွင့်တဲ့နေ့မှာ ရန်ကုန်မြို့လယ်ကမ ဟာဗန္ဓုလပန်းခြံမှာလည်း အားကစားလုပ်သူတွေ ၊ ယောဂလေ့ကျင့်ခန်း လုပ်သူတွေရှိပေမဲ့ တော်တော်များများကတော့ အားကစားလုပ်ရာမှာ ၆ ပေခြားနဲ့ social distancing စည်းကမ်းကို လိုက်နာကြတာတွေ့ရပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေဖို့ ရည်ရွယ်ပြီး အခုလို ပန်းခြံတွေမှာ စုလူဝေး မဖြစ်အောင် အချိန်အကန့်အသတ်နဲ့ဖွင့်လှစ်ထားတာပါ။ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်ထဲမှာ ပန်းခြံစုစုပေါင်း ၆၁ ခု ရှိပါတယ်။
ခင်ငြိမ်းချမ်း