Home
မြန်မာသတင်း
ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်သွားသူများကို အီးယူက ယူရို ၅ သန်း ဆက်လက်ထောက်ပံ့မည်
DVB
·
January 19, 2021
အီးယူအနေနဲ့ ကိုဗစ်ကာလ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ လုပ်သားတွေကို အခု ၂၀၂၁ ခုနှစ်မှာ ယူရိုငွေ ၅ သန်း ဆက်လက်ထောက်ပံ့သွားဖို့ရှိပါတယ်။   အခု ကိုဗစ်ကပ်ဖြစ်ပွားနေတဲ့ ကာလတလျှောက် အလုပ်ရုံပိတ်သိမ်းတာတွေကြောင့် လုပ်သား ၃ သိန်းလောက် အလုပ်လက်မဲ့ ဖြစ်လာကြပြီး ၈၅ ရာခိုင်နှုန်းလောက်က အမျိုးသမီး လုပ်သားတွေပါ။  အီးယူအနေနဲ့ ဒီလို အလုပ်အကိုင်ဆုံးရှုံးသူတွေ၊ အလုပ်ခွင်ရပ်ဆိုင်းခံထားရတဲ့ လုပ်သားတွေကို မြန်ကူအစီစဉ်နဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးနေတာပါ။  ဒီလိုထောက်ပံ့မှုကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တာကာလမှာတော့ လုပ်သားပေါင်း ၆ သောင်း လောက်အထိ ထောက်ပံ့မှုပေးခဲ့ပြီး အခု ၂၀၂၁ ခုနှစ်မှာလည်း ယူရိုငွေ ၅ သန်း ဆက်လက်ထောက်ပံ့သွားဖို့ရှိတယ်လို့ အီးယူရဲ့ မြန်ကူအစီအစဉ်ကို ဦးဆောင်လုပ်ကိုင်နေတဲ့ SMART Myanmar စီမံကိန်းအဖွဲ့ရဲ့တာဝန်ရှိသူ ဒေါ်စုမွန်သဲက ပြောပါတယ်။ အခု ၂၀၂၁ ခုနှစ်မှာ အီးယူရဲ့ ဒီလိုထောက်ပံ့မှုကို အသက် ၁၀ နှစ်အောက်ကလေးရှိတဲ့ မိခင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်ပြုတ်ပြီး နစ်နာကြေးမရရှိတဲ့ အလုပ်သမားတွေကို ထောက်ပံ့မှုတွေ ပေးသွားမယ်လို့ သိရပါတယ်။  လုပ်သားတွေအတွက် ဒီလိုထောက်ပံ့မှုတွေ တစ်စိတ်တစ်ပိုင်းလုပ်ပေးတဲ့အပြင် လုပ်သား skill ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွေအတွက် skill သင်တန်းကျောင်းတွေ များများဖွင့်ပေးဖို့လိုသလို လုပ်ငန်းကဏ္ဍတွေအားလုံးအလိုက် ညှိနှိုင်းရေးယန္တရားတွေ ၃ ပွင့်ဆိုင် ဖော်ဆောင်ပေးဖို့ လိုတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ထောက်ပြထားပါတယ်။ လက်ရှိမှာ မျိုးရိုးဗီဇပြောင်း ကူးစက်မြန်ကိုဗစ်ရောဂါဖြစ်ပွားလာတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အခြေအနေတွေကြောင့် ပြည်တွင်းက လုပ်သားအင်အားအများဆုံးပေးထားတဲ့ CMP လက်ခစား လုပ်ငန်းတွေရဲ့အခြေအနေက လက်ရှိအချိန်ထိ အနုတ်လက္ခဏာအသွင်ဆောင်နေပြီး လုပ်သား အင်အားလျော့ချတာတွေ ၊ စက်ရုံပိတ်တာ တွေက ဆက်လက်ရှိနေမဲ့အနေအထားပါ။ ဒီလိုအခြေအနေက ပြည်တွင်းက လုပ်ငန်းကဏ္ဍ အားလုံးနီးပါးမှာ ရှိနေပြီး လုပ်ငန်းရှင်နဲ့ လုပ်သားတွေအကြားအငြင်းပွားမှုတွေက ကိုဗစ်ကာလမှာ အခြေအနေပိုဆိုးလာ တဲ့အနေအထားပါ။ ဒါကြောင့် လာမယ့် အစိုးရသစ်အနေနဲ့ လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းရှင်၊ လုပ်သား၊ အစိုးရ တို့ရဲ့ ၃ ပွင့်ဆိုင်ဆွေးနွေးမှုတွေကို အားကောင်းအောင် ပိုပြီးဆောင်ရွက်သင့်တယ်လို့ အလုပ်ရှင်/ အလုပ်သမား အဖွဲ့စည်းတွေက မှတ်ချက်ပြုထားပါတယ်။  သတင်း - ဇာခြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024