ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး အင်တာတို့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိ

လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အင်တာမီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းနဲ့အတူ ပူးတွဲရပ်တည်နေပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူ ဗီဒဲလ်က ပထမပိုင်းမှာတင် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒါဟာ သူ့အတွက် ၂၀၁၅ မေ လနောက်ပိုင်း ပထမဆုံးသော စီးရီးအေဂိုးလည်း ဖြစ်ပါတယ်။ နီကိုလိုဘာရယ်လာက အင်တာအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ အင်တာဘက်က ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပီယာလိုရဲ့အသင်းဟာ ထိပ်ဆုံးက မီလန် ၂ သင်းနဲ့ ၇ မှတ်အထိ ကွာဟနေပြီး တနင်္လာနေ့မှာ ကစားမယ့် ကတ်ဂလီယာရီနဲ့ပွဲမှာ အေစီမီလန်အသင်းသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ဟာ ပိုပြီးကျယ်ပြန့်လာမှာလည်း ဖြစ်ပါတယ်။  လက်ရှိ အင်တာမီလန်နည်းပြ ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၂ ကနေ ၁၄ အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ကွန်တီဟာ အင်တာမီလန်နည်းပြအဖြစ် ၂၀၁၉ ခုနှစ်မှာ တာဝန်ယူခဲ့ပြီး အသင်းဟောင်းနဲ့ ပထမ ၂ ကြိမ် တွေ့ဆုံမှုတွေမှာတော့ အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။  အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်မရရှိခဲ့တာ ၄ နှစ်ကျော် ကြာနေခဲ့ပြီ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ အနိုင်ရရှိခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ၂၀၁၀ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော စီရီးအေချန်ပီယံဆုကို သိမ်းပိုက်နိုင်ရေး မျှော်လင့်ချက်တွေကိုလည်း ပိုပြီးတော့ မြင့်တက်လာစေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အင်တာမီလန်တို့ရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို ပြန်လည်ချေပဖို့ ရုန်းကန်ခဲ့ရပြီး စီရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုဟာလည်း ဒီပွဲမှာ ခြေပေါ်အောင် မကစားနိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုနဲ့ လူကျွံဂိုး၊ ချီဆာရဲ့ ကန်ချက်တို့လောက်ကသာ အင်တာမီလန်အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပြီး အင်တာအသင်းကသာ ပွဲကို စိုးမိုးသွားခဲ့တာ ဖြစ်ပါတယ်။ လူကာကူနဲ့ မာတီနက်ဇ်တို့ရဲ့ ဂိုးသွင်းမသေချာမှုကြောင့်သာ ဂိုးပြတ်ရှုံးနိမ့်မယ့် အရေးကနေ ကင်းလွတ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up