Home
Lead Story
အတွင်းထရံအပြင်မကာမိဖို့ အချုပ်အခြာအာဏာပိုင်ခွင့်ကို အလေးထားစို့ (အယ်ဒီတာ အာဘော်) 
DVB
·
January 16, 2021
‘အချုပ်အခြာအာဏာပိုင်’ ဟူသောစကားကို လွယ်လွယ်ပြောမည်ဆိုလျှင် ‘လွတ်လပ်ရေးနှင့် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ခွင့်’ ရှိသော နိုင်ငံကို ခေါ်သည်။ တနည်းဆိုရလျှင် ‘သတ်မှတ်ထားသည့် နယ်မြေပိုင်ဆိုင်ခွင့်အား ထိန်းချုပ်ခွင့်ရှိခြင်း’ ပင် ဖြစ်သည်။ ထိုကဲ့သို့ နယ်မြေနှင့်တရားဝင်ထိန်းချုပ်ခွင့်ရှိခြင်းသည် နိုင်ငံလည်း မည်ပေသည်။ နိုင်ငံကို ဖွင့်ဆိုရာ၌လည်း ဂျာမန်ဒဿနပညာရှင် ‘မက်ဝေဘာ’ က “သတ်မှတ်ထားသည့် နယ်နိမိတ်ဘောင်အတွင်း တရားဝင်အခွင့်အာဏာ (legitimacy) ပေါင်းစည်းထားသောအုပ်စု’ လို့ ဖွင့်ဆိုသည်။ ထိုကဲ့သို့သော နိုင်ငံမှန်သမျှတွင် “အချုပ်အခြာ အာဏာပိုင်ခွင့်” (sovereignty) ရှိသည်။ ယင်းအချုပ်အခြာအာဏာပိုင်ခွင့်ရှိသော နယ်မြေအတွင်း နေထိုင်ကြသော ပြည်သူအပေါင်းသည်လည်း အချုပ်အခြာအာဏာပိုင်ခွင့်ရှိသူများပင် ဖြစ်သည်။ သို့အတွက် နိုင်ငံသားတိုင်းသည် အဆိုပါ အချုပ်အခြာအာဏာပိုင်ခွင့်ကို တန်ဖိုးလေးစားအပ်သည်ဟု ဆိုကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ အချုပ်အခြာအာဏာပိုင်ခွင့်ကို အလေးမထား အခြားနိုင်ငံတနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် ဝင်ရောက်စွက်ဖက်မှုကို အကြောင်းကြောင်းကြောင့် လိုက်နာခံယူနေရလျှင် အချုပ်အခြာအာဏာ ဆုံးရှုံးခြင်း မည်ပေ၏။ ဤသည်ကြောင့်လည်း နိုင်ငံတဝန်း အဆင့်မြင့် ရာထူးယူထားသူတို့အနေဖြင့် အပြောအဆို အပြုအမူကအစ အထူးသတိထားသင့်လှပေသည်။ ဥပမာ တခုအဖြစ်ပြောရလျှင် ရွေးကောက်ပွဲနှင့်ပတ်သက်လျှင်သော်လည်းကောင်း၊ မဲစာရင်းနှင့်ပတ်သက်လျှင်သော်လည်းကောင်း ယင်းကိစ္စရပ်များသည် ‘ပြည်တွင်းရေးရာ ကိစ္စရပ်’ များဖြစ်သည့်အပြင် “အချုပ်အခြာအာဏာပိုင်ခွင့်” အတွင်း၌ရှိသော အာဏာသုံးရပ်ဖြင့်သာ ဥပဒေပါ ပေးထားချက်အတိုင်း အဖြေရှာကြရမည်သာ။ တိုင်းတပါးသို့ တင်ပြတောင်းခံ၍ ‘အတွင်းထရံ အပြင်ကာခြင်း’ မျိုး မပြုသင့်။ ယင်းသို့ “အချုပ်အခြာအာဏာပိုင်ခွင့်” ကို သတိမထားဘဲ ‘အတွင်းထရံ အပြင်ကာ၍ အပြင်ထရံအ တွင်းကာ’ခြင်းမျိုး ဖြစ်ခဲ့လျှင် ထိုအချက်သည် ‘အချုပ်အခြာအာဏာပိုင်ခွင့်’ ကို တန်ဖိုးမထား မလေးစားခြင်းသာ ဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ကြောင့် နိုင်ငံတွင်းရှိ ပြည်သူများအနေဖြင့်လည်းကောင်း၊ တာဝန်ရှိသူများအနေဖြင့် လည်းကောင်း၊ တာဝန်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ “အတွင်းထရံ အပြင်ကာ၍ အပြင်ထရံ အတွင်းကာခြင်း” ကို ရှောင်ရှား၍ အချုပ်အခြာအာဏာပိုင်ခွင့်အပေါ် အလေးထားနိုင်ကြပါရန် တင်ပြလိုက်ရပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024