ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
DVB
·
January 12, 2021
ဇန်နဝါရီ ၁၂ ရက် ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၀ ကျော်မှာ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းယာယီပြတ်တောက်မှုတွေ ရှိနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းက မနေ့ညပိုင်းက အသိပေးချက် ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ခရိုင်နဲ့ မြို့နယ်တွေမှာ (၆၆) ကေဗွီ၊ (၃၃) ကေဗွီ ဓာတ်အားခွဲရုံ၊ Distribution Transformer ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းတွေ၊ ရေရှည် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ဖို့အတွက် ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့ (၁၁) ကေဗွီဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုးအသစ်တွေနဲ့ လဲလှယ်ခြင်းလုပ်ငန်းတွေ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းတဲ့ လုပ်ငန်းတွေကို ဒီကနေ့မနက် ၉ နာရီကနေ ၁၂ နာရီထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးမြို့ နယ်တွေဖြစ်ကြတဲ့ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒေါပုံ၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာ မွေ၊ ပုဇွန်တောင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြောက်၊ ရွှေပေါက်ကံ၊ လှိုင်၊ ဗဟန်း၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ (အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ရွှေပြည်သာ၊ ရွှေလင် ပန်း၊ ထန်းတပင်၊ ထောက်ကြန့်၊ မှော်ဘီ မြို့နယ်တွေထဲက ရပ်ကွက်အချို့မှာ အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
ခုလိုလုပ်ငန်းဆောင်ရွက်ရခြင်းဟာ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရတာမို့ အများပြည်သူ လူမှုရေးအခက်အခဲတွေ ပေါ်ပေါက်လာနိုင်မှုတွေအပေါ် နားလည်ခွင့်လွှတ်ပေးဖို့လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပန်ကြားထားပါတယ်။