နေမာအတွက် အကောင်းဆုံးနေရာကို ရှာဖွေမည်ဟု ပီအက်စ်ဂျီ နည်းပြသစ် ပိုချက်တီနိုပြော

တိုက်စစ်မှူး နေမာအတွက် အကောင်းဆုံးဖြစ်မယ့် နေရာကို ဆုံးဖြတ်နိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ပီအက်စ်ဂျီ နည်းပြသစ် ပိုချက်တီနိုက ပြောပါတယ်။  ဒါဟာ ဘရာဇီးလ်ကစားသမားဆီက အကောင်းဆုံးပုံစံကို ထုတ်ယူနိုင်ဖို့ ကြိုးစားမှုလည်း ဖြစ်ပါတယ်။  နေမာဟာ ပီအက်စ်ဂျီအသင်းကို ရောက်လာပြီးချိန်ကတည်းက အသင်းရဲ့ အရေးပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပီအက်စ်ဂျီ တိုက်စစ်မှာ နေမာနဲ့အတူ အမ်ဘတ်ပီ၊ ဒီမာရီယာနဲ့ အီကာဒီတို့ ရှိနေခြင်းကြောင့် နည်းပြသစ်အနေနဲ့ တိုက်စစ်အတွက် ရွေးချယ်မှုကို လုပ်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနည်းပြအဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရပြီးနောက် သူ ပထမဆုံး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်က တိုက်စစ်ကို ဘယ်လိုနေရာချမလဲဆိုတာဖြစ်ပြီး ဒီအစီအစဉ်တွေအားလုံးမှာ နေမာက အရေးကြီးတဲ့အစိတ်အပိုင်းတွေကနေ ပါဝင်နေတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။ “ကျနော်တို့နဲ့ နေမာ လေ့ကျင့်ခန်းဆင်းချိန်မှာ သူ့အတွက် အကောင်းဆုံးနေရာက ဘယ်နေရာဖြစ်မလဲဆိုတာကို ဖော်ထုတ်သွားရမှာဖြစ်ပြီး ဒီလိုလုပ်မှသာ သူ့အတွက် အကောင်းဆုံး ဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးပေးဆပ်နိုင်မှာပါ” လို့ ပိုချက်တီနိုက သူ့ရဲ့ပထမဆုံးသော သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုကို သူ့ရဲ့ ပီအက်စ်ဂျီနည်းပြဘဝမှာ ပြုလုပ်သွားမယ့် အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်လို့လည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။  ဒီမေးမြန်းမှုတွေမှာ မက်ဆီကို ခေါ်ယူဖို့ သတင်းထွက်ပေါ်နေတာအပြင် အဲရစ်ဆင်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ပါဝင်ပါတယ်။ မက်ဆီက ဘာစီလိုနာကနေ ထွက်ခွာပြီး သူ့ရဲ့ကစားဖော်ဟောင်း နေမာ ရှိတဲ့ ပီအက်စ်ဂျီကို ရောက်လာနိုင်တယ်လို့ သတင်းကြီးနေသူပါ။  အဲရစ်ဆင်ကတော့ စပါးအသင်းမှာ ပိုချက်တီနိုနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်မှာ အင်တာကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုချက်တီနိုက ဒီမေးမြန်းချက်တွေကို ဖြေကြားခဲ့ခြင်းမရှိဘဲ သူ့ရဲ့ လက်ရှိ လူစာရင်းကိုသာ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူဟာ အသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အမ်ဘာပေကိုလည်း သူ့ရဲ့ နည်းစနစ်တွေမှာ အံဝင်အောင်ကစားနိုင်သူ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ချီးကျူး ပြောဆိုပါတယ်။  ပီအက်စ်ဂျီအသင်းဟာ လက်ရှိ လီဂူးအမှတ်ပေးဇယားမှာအဆင့် ၃ နေရာမှာ ရှိနေပြီး ပိုချက်တီနိုရဲ့ နည်းပြဘဝ ပွဲဦးထွက်အဖြစ် စိန့်အက်တီအန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up