တောင်ကြီး သီးသန့်ရဲစခန်းဝန်းထဲရှိ ဝန်ထမ်း ၃၀၀ ကျော်ကို စစ်ဆေး၊ ၅ ဦး ကိုဗစ်ပိုးတွေ့
DVB
·
January 5, 2021
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သီးသန့်ရဲစခန်းဝန်းထဲရှိ ဝန်ထမ်းမိသားစု ၃၂၄ ဦးကို ဒီကနေ့ RTD Test kit နဲ့ စစ်ဆေးရာမှာ ၅ ဦးက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
သီးသန့်ရဲစခန်းတိုက်တန်းမှာ ယာဉ်ထိန်းရဲ၊ မူးယစ်ရဲ၊ ရဲတပ်ဖွဲ့ အကူ စတဲ့ဝန်ထမ်းတွေ နေထိုင်ကြတာပါ။
ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာ သူဇာချစ်တင်က “သူတို့က ယာဉ်ထိန်ရဲတွေနဲ့ ထိတွေ့တဲ့သူတွေရှိတယ်၊ ဝန်ထမ်းလိုင်းခန်း အုပ်စုတခုလုံးကို စစ်ပေးလိုက်တာ၊ ယာဉ်ထိန်းရဲအဆက်လို့ရတာပေါ့၊ ၅ ဦးတွေ့တယ်”လို့ ပြောပါတယ်။
သီးသန်းရဲစခန်းထဲမှာ အိမ်ထောင်စု ၁၅၂ စု၊ မိသားစုဝင် ၃၂၄ ဦးကို စစ်ဆေးလိုက်တာ ဖြစ်ပါတယ်။
တောင်ကြီး မြို့ပေါ်နဲ့ ရွှေညောင်မြို့မှာ ဒီရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်သူတွေ ပိုမိုတိုးလာတဲ့အတွက် ကာကွယ်ရေးပညာပေးတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
စေတနာဝန်ထမ်း ဦးဝင်းနိုင်စိုးက “တွေ့တာက သီးသန့်ဝန်းထဲကပါ။ နဂိုကတည်း ပိုးတွေ့ ထားတဲ့သူလည်းရှိတော့ ကွန်တက်တွေမိပြီး ကူးကုန်တဲ့သဘောပါ။ ပိုးတွေ့တဲ့နေရာတွေကို ကျနော်တို့ စေတနာဝန်ထမ်း အဖွဲ့တွေ ပိုးသတ်ဆေးဖျန်းသွားမယ်”လို့ ပြောပါတယ်။
ပိုးတွေ့ လူနာ ၅ ဦးကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းကုတင် ၅၀၀ ဆေးရုံမှာ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး လက်ရှိ စဝ်စံထွန်းဆေးရုံမှာ ပိုးတွေ့လူနာ ၄၀ ကျော် ဆေးကုသမှု ခံယူနေပါတယ်။
သတင်း - ခွန်ရာဇာ