မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဇန်နဝါရီ ဒုတိယပတ်ထဲ ဆွေးနွေးရန် အစိုးရ အဆိုပြု
အောင်သူ
·
January 4, 2021
ပဏာမ အပစ်ရပ်ရေးနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာအဖွဲ့ ၄ ဖွဲ့နဲ့ ဇန်နဝါရီလ ဒုတိယအပတ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့မှာ တွေ့ဆုံဖို့ အစိုးရဘက်ကနေ အဆိုပြုထားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့က လမိုင်ခွန်ဂျာက DVB ကို ပြောဆိုပါတယ်။
အဲဒီအဆိုပြုချက်ကို မြောက်ပိုင်းအဖွဲ့တွေဆီကို ပေးပို့ထားပြီးဖြစ်ပေမယ့် တွေ့ဆုံမယ့် နေ့ရက်အချိန်တွေကို ပြန်လည်အကြောင်းပြန်လာတာမရှိသေးပါဘူး။
အခုချိန်ကာလက ကိုဗစ်-၁၉ ရောဂါ အခြေနေတွေကြောင့် သွားလာရေးခက်ခဲမှုတွေရှိပြီး မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ သွားလာရေးမှာ တရုတ်ပြည်အတွင်းက ဖြတ်ရမှာဖြစ်လို့ ခေါင်းဆောင်တွေကြားမှာ တွေ့ဆုံမဆွေးနွေးနိုင်သေး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကိုတော့ မေးမြန်းအတည်မပြုနိုင်သေးပါဘူး။
အစိုးရအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (တီအန်အယ်လ်အေ)၊ ကိုးကန့်အဖွဲ့ (အမ်အန်ဒီအေအေ)နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြားမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘောဆွေးနွေးခဲ့ပြီးနောက် ကိုဗစ်-၁၉ အခြေအနေကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ရပါတယ်။