ထရစ်ပီးယား၏ ကစားခွင့်ပိတ်ပင်ခံရမှုကို FIFA က ဆိုင်းငံ့ပေး

အက်သလက်တီကိုအသင်းရဲ့ အယူခံဝင်မှုကြောင့် နောက်ခံလူ ထရစ်ပီးယားအား  ဘောလုံးကစားခွင့် ၁၀ ပတ်ပိတ်ပင်ထားတဲ့ FA ရဲ့ ပြစ်ဒဏ်ကို FIFA က ဆိုင်းငံ့ပေးခဲ့ပါတယ်။ လောင်းကစားဆိုင်ရာ စည်းကမ်းတွေကို ချိုး ဖာက်မှုကြောင့် အင်္ဂလန်လက်ရွေးစင်နောက်ခံလူကို ဘောလုံးကစားခွင့်နဲ့ ဒဏ်ငွေ ပေါင် ၇၀၀၀၀ ချမှတ် ကြောင်း ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။  ဒါပေမဲ့ အက်သလက်တီကိုဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့တာ ဖြစ်ပါတယ်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက “ဒါဟာ မတရားမှုပါ။ အက်သလက်တီကိုအသင်းအပေါ် ထိခိုက်မှုရှိလာနိုင်တာကြောင့် ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအခြေနေမှာ အက်သလက်တီကိုအသင်းအနေနဲ့ ဘာမှလုပ်လို့ မရတာကြောင့် ဒါကိုတခြားနည်းလမ်းနဲ့ပြောင်းလဲဖို့ မျှော်လင့်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ FA ဘက်က အကျိုးအမြတ်ရှိနိုင်ပေမယ့် အက်သလက်တီကိုအသင်းအတွက်ကတော့ ဆုံးရှုံးမှုချည်းပါပဲ”  လို့ ပြောပါတယ်။  ဒါ့ကြောင့် အသင်းဘက်က ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ FIFA ကို အယူခံဝင်ခဲ့တာ ဖြစ်ပြီး ဒီကိစ္စကို ကြားနာသွားမယ်လို့ FIFA က တနင်္ဂနွေနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ အက်သလက်တီကို အသင်းဘက်က တင်သွင်းတဲ့ အယူခံနဲ့တောင်းဆိုမှုကြောင့် FIFA အယူခံကော်မတီက ကီရင်ထရစ်ပီးယားရဲ့ ကစားခွင့်ရပ်နားထားမှုကို လုပ်ငန်းစဉ်တွေပြီးဆုံးတဲ့အထိ ဆက်လက်ဆိုင်းငံ့ထားဖို့ အတည်ပြုပါတယ်လို့ FIFA က ကြေညာချက် ထုတ်ပြန်ပါတယ်။  အက်သလက်တီကိုအသင်းဟာ လာလီဂါမှာ ပွဲကြပ်တွေ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်တာကြောင့် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးစေလိုနေတာ ဖြစ်ပါတယ်။ စပါးကစားသမားဟောင်း ထရစ်ပီးယားဟာ ဒီရာသီအက်သလက်တီကို အသင်းရဲ့ အမြင့်ပျံသန်းမှုတွေမှာ အဓိကနေရာက ပါဝင်နေသူဖြစ်ပြီး ၁၄ ပွဲကစားကာ ၄ ဂိုး ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။ ဒါ့ကြောင့် သူသာပြစ်ဒဏ်အတိုင်း ကစားခွင့်ပိတ်ခံရမယ်ဆိုရင် ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အပွဲစဉ်အပါအဝင် ပွဲတော်တော်များများကို လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။  ဒါပေမဲ့ FIFA ရဲ့ ဆိုင်းငံ့ပေးမှုကြောင့် သူဟာ လုပ်ငန်းစဉ်တွေ မပြီးမချင်း အသင်းနဲ့အတူ ပုံမှန်အတိုင်း ပြန်ကစားခွင့်ရရှိပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up