မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်သစ်သီးရောင်းဝယ်ရေးကွင်းတွင် ခါလီကုန်ကားများ ပိတ်မိနေ
DVB
·
December 29, 2020
မြန်မာ-တရုတ်နယ်စပ်ရဲ့ ဖရဲသခွား အဓိက တင်ပို့တဲ့ ဝမ်တိန် သစ်သီးရောင်းဝယ်ရေးကွင်းမှာ ကုန်ချပြီးတဲ့ ခါလီကုန်ကားတွေ ပိတ်မိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာဖို့ ကြန့်ကြာနေတယ်လို့ ဖရဲသခွား သစ်သီးပွဲရုံတွေကနေ စုံစမ်း သိရပါတယ်။
ကုန်တင်ကားတွေ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာဖို့ ကြန့်ကြာမှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေသာမက ပွဲရုံပိုင်ရှင်တွေပါ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပြီး ဝင်သွားတဲ့ ကားတွေ ၁၀ ရက်လည်း ပြန်ထွက်မလာနိုင်တာကြောင့် စိတ်ပူပန်နေပါတယ်။
“ဒီခေါက်တို ကားဆရာ မလုံလောက်မှုရယ်၊ ပြီးတော့ အထဲက စီမံခန့်ခွဲမှု အစီအစဉ်တကျ မဖြစ်တာရယ်ကြောင့်ပါရှင့်။ အစီးရေ တစ်ထောင်ဝန်းကျင်လောက် ရှိပါတယ်” လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ နန်းခမ်းခင်က ဒီဗွီဘီကို ပြောပါတယ်။
အရင်က တစ်ရက်ကို အများဆုံး ကားအစီး ၇၅ စီး၊ အစီး ၈၀ ဝန်းကျင်ပဲရှိရာမှ အခု ဒီရက်ပိုင်း တစ်ရက်ကို ဖရဲသီးကား အစီး ၂၀၀ ဝန်းကျင်လောက် ဝင်နေတာကြောင့် ကားတွေ ပိတ်မိနေတာလို့ လည်းဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ကတော့ တရုတ်နိုင်ငံထဲက ကားတွေ ပြန်ထွက်လာနိုင်ဖို့ ကုန်စည်ဒိုင်တွေဘက်က မမှာရင် မဝင်ခိုင်းတော့ဘဲ နည်းနည်းထိန်းလိုက်လို့ ဝင်ဖို့ တန်းစီနေတဲ့ကားတွေ ဒီနေ့ မရှိတော့ပေမဲ့ ကားတွေများနေသေးတယ်လို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့လည်း ခါလီ ကုန်တင်ကားတွေ ပိတ်မိနေဆဲဖြစ်ပြီး ၁ ရက်ကို အစီး ၂၀၊ ၃၀ သာထွက်လို့ ရပြီး ကား အစီးရေ ၇၀၀၊ ၈၀၀ လောက် ရှိနေဆဲပဲလို့ ဆွေမြန်မာသစ်သီးပွဲရုံက ပြောပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ဖရဲသီးတွေ တရုတ်သို့ တင်ပို့ရာမှာ ၁၀ နှစ် အတွင်း စံချိန်ချိုး ဈေးနှုန်းအမြင့်ဆုံး ရရှိခဲ့တဲ့အတွက် တရုတ်နိုင်ငံကို မြန်မာပြည်က ဖရဲသီးတွေ တင်ပို့မှု ပိုမို များပြားလာတာ ဖြစ်ပါတယ်။
Pra Jaw