ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ်ကို ကယ်လီဖိုးနီးယား သိပ္ပံပညာရှင်များ စမ်းသပ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က သိပ္ပံပညာရှင်တွေဟာ ဒေသတွင်းမှာ ပြန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်မူကွဲသစ်ကို ဗြိတိန်မှာ တွေ့ရှိပျံ့နှံ့နေတဲ့ မူကွဲနဲ့ တူ၊ မတူ ဆိုတာ စမ်းသပ် အကဲဖြတ်နေတယ်လို့ လော့စ်အိန်ဂျလိစ်တိုင်းမ်စ်သတင်းဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ အမေရိကန်နိုင်ငံတဝန်း ပြည်သူ ၁ သန်းကျော် ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နှုန်းဟာ ကယ်လီဖိုးနီးယားနဲ့ တဲင်းနက်စီပြည်နယ်တွေမှာ တိုးနေတာပါ။ အမေရိကန် နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဗြိတိန်မှာ ကူးစက်နေတဲ့ ပိုကူးလွယ်တဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ကို အမေရိကန်နိုင်ငံထဲ ရောက်မလာအောင် ကြိုးစားနေကြပါတယ်။ B.1.1.7 လို့ ပညာရှင်တချို့က နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ဟာ ဗြိတိန်မှာ အရင်က ပျံ့နှံ့နေတဲ့ မူကွဲတွေထက် ၇၀ ရာခိုင်နှုန်း ပိုပြီးကူးစက်နိုင်စွမ်း ရှိနေပါတယ်။ လောလောဆယ် အင်္ဂလန်နယ်တောင်ပိုင်းမှာ အဓိကကူးစက်နေတာ မူကွဲသစ်ဖြစ်ပြီး ဆေးရုံတင် လူနာတိုးနှုန်း မြင့်လာနေပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ဟာ စင်ကာပူ၊ ဂျပန်၊ အစ္စရေးနဲ့ သြစတြေးလျနိုင်ငံတို့ဆီကိုပါ ကူးစက်ခဲ့ပြီးတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနကလည်း စနေ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ကူးခံရသူ ၃၄၀,၀၀၀ ရှိခဲ့လို့ စုစုပေါင်း ကူးစက်ခံ ၁၈ သန်း ၇ သိန်း ကျော်ပြီလို့ ပြောပါတယ်။ အမေရိကန် ပြည်နယ် ၃၁ ခုမှာ ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအသစ် စံချိန်တင် မြင့်တက်ခဲ့ပြီး ဆေးရုံတင် ကုသနှုန်းနဲ့ သေဆုံးနှုန်းလည်း မြင့်တက်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up