Home
ဆောင်းပါး
နှလုံးပိုးဝင်ခြင်း
DVB
·
December 26, 2020
နှလုံးမှာ ပိုးဝင်တာကြောင့် နှလုံးပျက်စီးပြီး အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နှလုံးကို ဒုက္ခပေးတတ်တဲ့ ပိုးတွေကတော့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရှားရှားပါးပါး အခြေအနေမှာ မှိုပိုးတွေလည်း ဝင်ရောက် ကူးစက်နိုင်ပါတယ်။ နှလုံးအဆို့ရှင် အပါအဝင် နှလုံးတစ်ခုလုံးအလွှာတိုင်းမှာ ပိုးဝင်နိုင်ပါတယ်။

နှလုံးပိုးဝင်ခြင်း အမျိုးအစားများ

နှလုံးမှာ သုံးလွှာရှိပါတယ်။ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ် အပြင်ဆုံးက အမြှေးပါးရယ်ပါ။ သုံးလွှာလုံးမှာ ပိုးဝင်ကူးစက်ပြီး ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
  • နှလုံးအတွင်းသား ရောင်ရမ်းခြင်း (Endocarditis)
နှလုံးရဲ့ အတွင်းဘက်ဆုံးအလွှာပါ။ နှလုံးခန်း ၄ခုနဲ့ နှလုံးအဆို့ရှင်တွေကိုပါ ဖုံးထားတဲ့ အတွင်းသားပဲ ဖြစ်ပါတယ်။ နှလုံးပိုးဝင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါပါ။ နဂို နှလုံးအဆို့ရှင် မကောင်းတဲ့သူတွေ၊ နှလုံးရောဂါအခံရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ဆေးရုံတက် ကုသရတဲ့ ရောဂါမျိုးပါပဲ။ နှလုံးရဲ့ အလယ်လွှာ ကြွက်သားရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီးတဲ့နောက်မှာ ဖြစ်တာများပါတယ်။ နှလုံးအတွင်းသားရောင်ရမ်းတာလောက်တော့ အဖြစ်မများပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာများပါတယ်။ အသက် ၂၀နဲ့ ၅၀ကြား ဗိုင်းရပ်စ်ပိုး တစ်မျိုးမျိုး  ကူးစက်ခံရတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်ပါတယ်။ အများစုက သိပ်မပြင်းထန်တဲ့အတွက် အနားယူတာ၊ လက္ခဏာတွေ သက်သာအောင် ဆေးပေးရုံနဲ့တင် ကောင်းသွားကြပါတယ်။

နှလုံးရောင်ခြင်းရဲ့ လက္ခဏာများ

လက္ခဏာလေးတွေက ဆင်တူလောက်ပါပဲ။ ဖျားမယ်၊ ရင်ဘတ်အောင့်မယ်၊ မောမယ်။ တစ်ခါတလေ သိပ်ပြင်းထန်လွန်းရင် heart attackလိုမျိုးထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဒီလက္ခဏာတွေ ပြင်းပြင်းထန်ထန် ခံစားလာရရင် ဆေးရုံကို သွားဖို့ အကြံပြုလိုပါတယ်။ နှလုံးရောင်တာတွေထဲမှာ နှလုံးအတွင်းသားရောင်ရမ်းတာက သိသာပြီး လက္ခဏာပြတာလည်း မြန်ပါတယ်။ ဒီလို မြန်မြန်လက္ခဏာပြပြီး ပြင်းထန်တဲ့ အမျိုးအစားကို ရုတ်တရက် နှလုံးအတွင်းသားရောင်ရမ်းခြင်း (acute endocarditis) လို့ခေါ်ပါတယ်။ တဖြည်းဖြည်းချင်း လနဲ့ချီ ဖြစ်တတ်တဲ့ အမျိုးအစာကိုတော့  နာတာရှည် နှလုံးအတွင်းသား ရောင်ရမ်းခြင်း ( subacute or chronic endocarditis)လို့ ခေါ်ပါတယ်။ အတွ့ရများတဲ့ နှလုံးအတွင်းသားရောင်ရမ်းတဲ့ လက္ခဏာတွေကတော့
  • ရင်ဘတ်အောင့်ပါတယ်။ (အထူးသဖြင့် အသက်ရှူတဲ့အခါ)
  • ချောင်းဆိုးပါတယ်။
  • နုံးပါတယ်။
  • ချမ်းတုန်ဖျားပြီး ချွေးစေးထွက်ပါတယ်။
  • နေလို့ထိုင်လို့ မကောင်းပါဘူး။
  • ကိုယ်လက်ကိုက်ပါတယ်။
  • မောပါတယ်။
  • ရေဖျဉ်းဆွဲတာ၊ ခြေထောက်ဖောတာ ဖြစ်တတ်ပါတယ်။
ဒီကနေမှ ပိုပြင်းထန်ပြီး နောက်ဆက်တွဲတွေ ဖြစ်လာပြီဆိုရင်
  • ရင်ဘတ်ပိုအောင့်လာတာ
  • သတိမကောင်းတော့တာ
  • မျက်နှာရွဲ့သွားတာ
  • ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ
  • စကားလေးလာတာ
  • ရုတ်တရက် မျက်စိဝါးလာတာ
  • ရုတ်တရက် ကိုယ်တခြမ်း အားပျော့တာ၊ မလှုပ်နိုင်တော့တာတွေ ဖြစ်လာပါတယ်။ ဒါဆိုရင်တော့ အရေးပေါ်အခြေအနေမို့လို့ အမြန်ဆုံး ဆေးရုံသွားသင့်ပါတယ်။

နှလုံးပိုးဝင်ရသည့် အကြောင်းရင်းများ

အဖြစ်များတဲ့ နှလုံးအတွင်းသားရောင်ရမ်းခြင်းဟာ ဘက်တီးရီးယားကြောင့် ဖြစ်တာများပါတယ်။ ဗိုင်းရပ်စ်နဲ့ မှိုပိုးကြောင့်လည်း ဖြစ်တတ်ပေမယ့် ရှားပါတယ်။ ဘက်တီးရီးယားတွေက သွေးထဲကို ရောက်လာပြီဆိုရင် နှလုံးကို ရောက်လာတတ်ပြီး နှလုံးအဆို့ရှင် ဒါမှမဟုတ် နှလုံးရဲ့ တခြားနေရာတွေမှာ တွယ်ကပ်တတ်ပါတယ်။ ဥပမာ ပြောရရင် အရေပြားပိုးဝင်တာ၊ ခံတွင်းပိုးဝင်တာ၊ အဆုတ်၊ အူနဲ့ ဆီးလမ်းကြောင်းတို့မှာ ပိုးဝင်တဲ့အခါ ဒီကနေတဆင့် နှလုံးကို ရောက်သွားတတ်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်းရောဂါတွေရှိနေရင်၊ သွားနဲ့ပတ်သက်တဲ့ ကုသမှုတွေ လုပ်မယ်ဆိုရင် သတိထားရပါတယ်။ အခန့်မသင့်ရင် ပါးစပ်ထဲကပိုးတွေ သွေးကနေတဆင့် နှလုံးကို ရောက်လာနိုင်လို့ပါ။ တက်တူးထိုးတာ၊ ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး အလှဆင်တာကလည်း ပိုးဝင်စေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ နှလုံးမှာမှ နှလုံးအဆို့ရှင်တွေက ပိုးဒဏ်ကို ပိုခံစားရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာ သွေးကြောတွေ မရှိလို့ပါပဲ။ သွေးကြောမရှိလို့ သွေးမရ၊ သွေးမရတော့ ခုခံအားဆဲလ်တွေ လာလို့မရပါဘူး။ ဒါကြောင့် နှလုံးအဆို့ရှင်ကို ပိုးဝင်ပြီဆိုရင် ခုခံအားဆဲလ်တွေက တိုက်ပေးဖို့ ခက်ပါတယ်။

ဘယ်သူတွေ နှလုံးပိုးဝင်တတ်သလဲ။

အရေပြားမှာ အနာဖြစ်တိုင်း၊ သွားသွားနှုတ်တိုင်း နှလုံးပိုးဝင်မှာလား။ ဒီလိုတော့မဟုတ်ပါဘူး။ သာမန်လူတွေဆို ဖြစ်ခဲပေမယ့် ဒီလူတွေကတော့ သတိထားရပါမယ်။
  • နှလုံးအဆို့ရှင် အစားထိုးထားတဲ့သူတွေ၊ နှလုံးစက်တပ်ထားတဲ့သူတွေ
  • မွေးရောပါ နှလုံးရောဂါရှိသူတွေ
  • နဂို နှလုံးအဆို့ရှင် မကောင်းတဲ့သူတွေ
  • ကျောက်ကပ်ဆေးနေရတဲ့သူတွေ
  • HIV ပိုးရှိသူတွေ
  • မူးယစ်ဆေးကို အကြောထဲသွင်းသူတွေ
  • နဂိုနှလုံးအတွင်းသားရောင်ရမ်းဖူးသူတွေက ပိုပြီး ဂရုစိုက်ရပါမယ်။

နှလုံးပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး

နောက်ဆက်တွဲက ပြင်းထန်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် နှလုံးအတွင်းသားရောင်ရမ်းခြင်းကို မကုဘဲ ထားထားမယ်ဆိုရင် နှလုံးအဆို့ရှင်တွေနဲ့ နှလုံးအခန်းတွေ ပျက်စီးတတ်ပါတယ်။ ကုသဖို့ နောက်ကျသွားရင် ပိုးသတ်ဆေးအကောင်းစားတွေ ပေးတောင် သက်သာဖို့ မသေချာပါဘူး။ နှလုံးပိုးဝင်ခြင်းကို ဘယ်လိုကုသနိုင်လဲ။ နှလုံးအတွင်းသားရောင်ရမ်းခြင်းအတွက် အဓိကကုသမှုကတော့ ပိုးသတ်ဆေးပါပဲ။ ဘာဆေးပေးမလဲဆိုတာကတော့ ဘာပိုးဝင်နေလဲပေါ်မူတည်ပါတယ်။ ပြီးတော့ ပိုးက နှလုံးထဲမှာ ရှိနေတာဖြစ်နေတဲ့အတွက် ထိုးဆေးမှ ထိရောက်မှာပါ။ ဒါကြောင့် ဆေးရုံတက်ကုသဖို့ လိုပါတယ်။ ပိုးကိုလည်း ရှာရမှာ ဖြစ်သလို ပိုးသတ်ဆေးလည်း ထိုးရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ပြင်းထန်လွန်းတယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုနိုင်ပါတယ်။ မှိုပိုးကြောင့် ရောင်ရမ်းတာဆိုရင်လည်း ခွဲစိတ်ရတတ်ပါတယ်။ နှလုံးကြွက်သားရောင်ရမ်းခြင်းနဲ့ နှလုံးအမြှေးပါးရောင်ရမ်းခြင်းကတော့ သူ့အလိုလို ပျောက်သွားတာ များပါတယ်။ အနားများများယူပြီး အားစိုက်တဲ့အလုပ်တွေကို လပိုင်းလောက်ရှောင်ဖို့ လိုပါတယ်။ နောက်ဆက်တွဲဝင်လာရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူရမှာပါ။

နှလုံးပိုးဝင်ခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူဆိုရင် အောက်ကအချက်တွေကို လိုက်နာသင့်ပါတယ်။
  • တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ တတ်နိုင်သမျှ အရေပြားပိုးမဝင်ပါစေနဲ့။
  • ထိခိုက်ရှနာဖြစ်လာရင်လည်း အနာကို သန့်စင်အောင်ထားပါ။ လိုအပ်ရင် ဆေးခန်းပြပါ။
  • သွားနဲ့ ခံတွင်းကို သန့်ရှင်းအောင်ထားပါ။ သွားဆရာဝန်နဲ့ ပုံမှန်ပြပြီး သွားကျန်းမာရေးကို ဂရုစိုက်ပါ။ တချို့ နှလုံးရောင်နိုင်ခြေများတဲ့သူတွေဆို သွားနဲ့ပတ်သက်တာ တစ်ခုခု မလုပ်ခင် ပိုးသတ်ဆေးအရင်တိုက်ပြီး ပိုးမဝင်အောင် ကာကွယ်ဖို့ လိုပါမယ်။
  • နှလုံးကြွက်သားရောင်တာနဲ့ နှလုံးအမြှေးပါးရောင်တာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ များတာကြောင့် တတ်နိုင်သမျှ ကာကွယ်ဆေးတွေ စုံအောင် ထိုးထားပါ။ တုပ်ကွေးရာသီဆို ဂရုစိုက်ပါ။ နေမကောင်းတဲ့သူနား မကပ်ပါနဲ့။ မကြာခဏ လက်ဆေးပါ။

 Takeaways

နှလုံးပိုးဝင်ခြင်းက ၃မျိုးရှိပေမယ့် လက္ခဏာလေးတွေက ခပ်ဆင်ဆင်ပါပဲ။ တခြားရောဂါတွေနဲ့လည်း ခွဲရခက်ပါတယ်။ ဒါကြောင့် လက္ခဏာတစ်ခုခုကို ရုတ်တရက် ပြင်းပြင်းထန်ထန် ခံစားရပြီဆိုရင် မပေါ့ဆဘဲ ဆေးစစ်ကြည့်ဖို့ အကြံပြုလိုပါတယ်။   ရေးသားသူ Dr. Htet Htet Zaw Win   ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024