Home
မြန်မာသတင်း
လော့ဒေါင်းချထားသည့် မဟာချိုင်က မြန်မာအလုပ်သမားများ အလှူရှင် ထောက်ပံ့မှုဖြင့် စားသောက်နေရ 
နန်းမြနဒီ
·
December 23, 2020
ကိုဗစ်-၁၉ ကူးစက်သူတွေ ရာနဲ့ချီတွေ့လို့ဆိုပြီး လော့ဒေါင်းချခံထားရတဲ့ စမွတ်စာခွန်ခရိုင် မဟာချိုင်က မြန်မာလုပ်သားတွေဟာ အလုပ်မဆင်းရတော့တာကြောင့် ဝင်ငွေလည်းမရှိလို့ အလှူရှင်တွေ ထောက်ပံ့မှုနဲ့ စားသောက်နေရပါတယ်။  အထူးသဖြင့် လူပေါင်း ၄,၀၀၀ ကျော်ရှိတဲ့ တလတ်ကုန့်(ပုစွန်ဈေး)တဝိုက်က အလုပ်သမားတွေဟာ အလုပ်မလုပ်ရတာ တစ်ပတ်နီးပါးရှိပြီမို့ ဝင်ငွေမရှိဘဲ ထိုင်းတာဝန်ရှိသူနဲ့ မြန်မာအလုပ်သမားအဖွဲ့အစည်းက လာရောက်ဝေငှတာတွေနဲ့ စားသောက်နေရတယ်လို့  ပုစွန်ဈေးထဲက အလုပ်သမားတစ်ဦးဖြစ်သူ ကိုအောင်ခိုင်မိုးက ဒီဗွီဘီကို ပြောပါတယ်။  လော့ဒေါင်းလုပ်ထားပေမယ့် အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒါပေမဲ့ အလုပ်မဆင်းရတော့ ဝင်ငွေမရှိဘူးပေါ့။ စားဖို့သောက်ဖို့ကတော့ သက်ဆိုင်ရာက နေ့တိုင်းလို လာဝေပါတယ်။ ငါးသေတ္တာတွေ၊ ခေါက်ဆွဲခြောက်တွေ ပါတယ်၊ သောက်ရေသန့်ဘူးကလည်း အလုံအလောက်ရတယ်၊ အလှူရှင်တွေ လာချထားပေးတယ်။  အေအေစီအဖွဲ့ကလည်း ဟင်းချက်စရာတွေ လာလှူထားပါတယ်ခင်ဗျ။”  သူတို့နေတဲ့ အနီးတဝိုက်မှာ မြန်မာလုပ်သားတွေ ထောင်နဲ့ချီရှိပြီး ကိုဗစ်-၁၉ ပိုးတွေ့တာ ၅၀၀ ကျော်ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပေမယ့် ဘယ်သူက ပိုးကူးမကူးဆိုတာ မသိရကြောင်း၊ နာမည်နဲ့ ဖုန်းနံပါတ်ယူထားပြီး ပိုးတွေ့တဲ့လူ ဖုန်းဆက်ရမှာဖြစ်ပြီး နေမကောင်းရင် အဲဒီအနီးမှာ လာဖွင့်ထားတဲ့ ယာယီဆေးရုံကို သွားပြဖို့ ကြေညာထားတယ်လို့ သူက ဆက်ပြောပါတယ်။  ပိတ်မိနေတဲ့ အလုပ်သမားတွေကို လိုအပ်တာတွေ သွားရောက်ကူညီပေးနေတဲ့ အေအေစီ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းကတော့  စမွတ်စာခွန်မှာ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ထောင်ကျော် ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ တာဝန်ရှိသူတွေက ပြောပေမယ့် ပထမဆုံးပိုးတွေ့တဲ့ ထိုင်းအမျိုးသမီးနဲ့ ဆက်စပ်တဲ့ အလုပ်သမား ၁၀ ဦးလောက်သာ ဆေးရုံတက်နေတယ်ဆိုတာ သိရပြီး ကျန်သူ‌တွေ ဘယ်နှယောက် ဆေးရုံတက်ရလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။ လူပေါင်း ၄၀၀၀ ကျော်လောက်ရှိတဲ့ ပုစွန်ဈေးအနီးတဝိုက်မှာလည်း ပိုးတွေ့လူနာတွေ လာခေါ်သွားတာ မရှိသေးကြောင်း၊ ဘယ်သူ့မှာ ပိုးရှိနေလဲဆိုတာ မသိရလို့ အလုပ်သမားတွေကြား တယောက်နဲ့တယောက် သံသယဖြစ်နေကြတယ်လို့ ပြောပါတယ်။  “တလတ်ကုန့်ပုစွန်ဈေးနားနေတဲ့လူတွေတော့ ခုထိ လူနာတင်ကားနဲ့လာခေါ်တာ တယောက်မှ မရှိသေးဘူးတဲ့၊ သူတို့က ပိုးရှိတဲ့သူကို တစ်ဦးချင်းပဲ အကြောင်းကြားမယ်ဆိုတော့ ဘယ်သူက အကြောင်းကြားခံရလဲဆိုတာ မသိဘူး။ သူတို့ချင်းလည်း မပြောကြဘူး။ အဲဒီတော့ တယောက်ကိုတယောက် သံသယနဲ့နေပြီး ပိုးမရှိသူတွေလည်း စိုးရိမ်စိတ်နဲ့ နေနေရတာပေါ့နော်။ အစားအသောက်ကတော့ အလှူရှင်တွေ မပြတ်ရှိပါတယ်။ သူတို့အလှူရှင်တွေလည်း လာလှူတယ်၊ တခြားခရိုင်က မြန်မာအလုပ်သမားတွေကလည်း ဒီစမွတ်စာခွန်က မြန်မာတွေအတွက် အလှူငွေတွေ လွှဲလာကြတယ်။ ပိတ်မိတဲ့သူတွေက ဟင်းသီးဟင်းရွက်အသီးအနှံတွေ ပိုပြီးလိုတယ်ဆိုလို့ ကနေ့လည်း ကားတစ်စီးနဲ့ အပြည့်သွားလှူခဲ့ပါတယ်ခင်ဗျ။”  စမွတ်စာခွန်မှာ မြန်မာလုပ်သားတွေ အမြောက်အမြား ကိုဗစ်ကူးစက်တဲ့ သတင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားပေါ် ခွဲခြားဆက်ဆံမှုတွေ၊ ပြစ်တင်နှိမ်ချမှုတွေလည်း ပြင်ပမှာရော လူမှုကွန်ရက်တွေမှာပါ ပြန့်နေလို့ လူမျိုးရေးမုန်းတီးမှုမဖြစ်အောင် ဘန်ကောက်ရှိ မြန်မာသံရုံးအနေနဲ့  စာထုတ်ပြီး မေတ္တာရပ်ခံပေးသင့်တယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။  စမွတ်စာခွန်က မြန်မာလုပ်သားတွေရဲ့ အခြေအနေအပေါ် ကူညီစောင့်ရှောက်နေမှုနဲ့ပတ်သက်လို့ ဘန်ကောက် ထိုင်း မြန်မာသံရုံးနဲ့ သက်ဆိုင်ရာအလုပ်သမားသံအရာရှိတွေကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။  ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၄၆ ဦးရှိပြီး အများစုက ပုစွန်ဈေးနဲ့ဆက်နွှယ်နေတဲ့ အခြားခရိုင်ရောက် ထိုင်းလူမျိုးတွေ ဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားထဲမှာ ပိုးတွေ့သူအသစ် မရှိပါဘူး။  ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၅၇၆၂ ဦးရှိကာ သက်သာလို့ ဆေးရုံက ဆင်းရသူ ၄၀၉၅ ဦး နဲ့ သေဆုံးသူ အယောက် ၆၀ ရှိပါတယ်။  ဓာတ်ပုံ - AAC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024