ကိုဗစ်ရောဂါထိန်းချုပ်ရန် မိုင်းလားက ပျော်စံရာနေရာများကို ယာယီပိတ်
DVB
·
December 22, 2020
ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှာရှိတဲ့ ပျော်စံရာနေရာအကုန်လုံးကို လုပ်ငန်းယာယီရပ်ဆိုင်းလိုက်ပြီလို့ မိုင်းလား ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဦးစီးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီအပြင် မိုင်းလားမြို့မှာရှိတဲ့ စားသောက်ဆိုင်တွေကိုလည်း ဆိုင်ထိုင်စားသောက်ခြင်းကို ပိတ်ပင်လိုက်ပြီး ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုမယ်လို့ ဆိုပါတယ်။
မိုင်းလားဒေသက အခြေခံစားသောက်ကုန်တွေကို တရုတ်နိုင်ငံ မိုင်းဟိုင်းခရိုင် ပြင်ပ ချစ်ကြည်ရေးကော်မတီက ပံ့ပိုးပေးမှာဖြစ်သလို ကုန်ပစ္စည်းသယ်ယူနိုင်ဖို့ နယ်စပ်ဂိတ်နဲ့ တာလော့စစ်ဆေးရေးဂိတ်ကိုလည်း ဖွင့်ထားမှာဖြစ်တာကြောင့် နေရပ်ပြန်လိုတဲ့ တရုတ်နိုင်ငံသားတွေ သတ်မှတ်ချက်အတိုင်း အချိန်မရွေး ပြန်နိုင်တယ်လို့ ဆိုပါတယ်။
တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်တာကို တင်းကျပ်ထားတဲ့အတွက် တရားမဝင် ဝင်လာတဲ့သူတွေကို ဖမ်းမိရင် ဥပဒေအရ ပြင်းထန်စွာအရေးယူမှာဖြစ်ပြီး လက်ထပ်ထိမ်းမြားတာ၊ အသုဘအခမ်းအနား ပြုလုပ်တာ လူစုလူဝေးလှုပ်ရှားမှုတွေကိုလည်း မလုပ်ဖို့ ပိတ်ပင်ထားပါတယ်။
အထူးဒေသ ၄ က ပြည်သူတွေကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှာဖြစ်လို့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။