ရန်ကုန်တွင် ပန်းခြံနှင့်အားကစားကွင်းများ ခေတ္တပိတ်ရန် ညွှန်ကြား
DVB
·
December 21, 2020
ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာရုံးပိတ်ရက် ကာလတွေမှာ လူစုလူဝေး မဖြစ်ပေါ်စေဖို့ ရန်ကုန်မှာ ဒီဇင်ဘာ ၂၁ ကနေ ၃၁ ရက်နေ့အထိ ပန်းခြံတွေနဲ့အားကစားကွင်းတွေကို ခေတ္တပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးထဲက အများပြည်သူ စုဝေးတတ်တဲ့နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ဘောင်၊ ပန်းခြံတွေနဲ့ အားကစားကွင်းတွေကို ခေတ္တပိတ်ထားဖို့ကို ညွှန်ကြားထားပါတယ်။
ပန်းခြံတွေမှာ လက်ရှိ ဗီနိုင်းကပ်ပြီး ကြေညာတာတွေနဲ့ yellow line တားပြီး ကန့်သတ်တာတွေကို လုပ်ဆောင်နေပြီး ပန်းခြံဧရိယာအတွင်း ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေကို ဒီဇင်ဘာ ၂၁ ကနေ ၃၁ ရက်အထိ ခေတ္တပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာန ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောပါတယ်။
ပြည်သူတချို့က new year ညမှာ အပြင်ထွက်တာမျိုးတွေ ရှိတာကြောင့် မြို့နယ်တွေလိုက် အုပ်ချုပ်ရေးပိုင်းတွေက စည်းကမ်းထိန်းသိမ်းတာတွေရှိပြီး ဒီနှစ်တော့ပိုပြီး ထိန်းသိမ်းလုပ်ဆောင်ဖို့ ရှိတယ်လို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်စည်ပင်နယ်နိမိတ်ထဲပါတဲ့ မြို့နယ်တွေနဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပန်းခြံလေးတွေကိုလည်း ပိတ်ဖို့ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ထဲမှာ ပန်းခြံစုစုပေါင်း ၆၁ ခုရှိပြီး လူစုလူဝေးမဖြစ်အောင်နဲ့ ကိုဗစ် ကူးစက်မှုမဖြစ်စေဖို့ ရည်ရွယ်တာကြောင့် ဒီကာလမှာ သည်းခံပြီး စည်းကမ်းလိုက်နာဖို့ကို တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ခင်ငြိမ်းချမ်း