ယခုနှစ်တွင် လယ်ယာထွက်ကုန်ကလွဲပြီး ပို့ကုန်နှင့် သွင်းကုန် သိသိသာသာလျော့နည်း
DVB
·
December 19, 2020
အခုနှစ်မှာ လယ်ယာထွက်ကုန်ကလွဲရင် ပို့ကုန်ရော သွင်းကုန်ပါ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ယှဉ်ရင် သိသိသာသာ လျော့သွားပြီး စုစုပေါင်းပြည်ပ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လောက် နည်းသွားပါတယ်။
၂၀၂၀-၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ ယာယီစာရင်းအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၆၈ သန်းရှိတယ်လို့ အစိုးရ ပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
ဒီထဲမှာ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၂၁၁၀ နဲ့ ပြည်ပသွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၅၈ သန်း ဖြစ်ပါတယ်။
၂၀၁၉-၂၀ ဘဏ္ဍာနှစ်ကာလတူမှာတော့ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃၃၁ သန်း၊ ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀၉၈ သန်းရှိခဲ့တာကြောင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၆၁ သန်း လျော့နည်းခဲ့ပြီး ပို့ကုန် ၁၂၂၁ ဒေါ်လာသန်း၊ သွင်းကုန် ၇၄၀ ဒေါ်လာ သန်းလျော့သွားတာပါ။
ပို့ကုန်မှာတော့ ဒီနှစ်မှာ လယ်ယာထွက်ကုန်ပစ္စည်းက အရင်နှစ် ကာလတူထက် ၇၇ သန်းကျော်၊ တခြားပစ္စည်းတွေက ၁၇ သန်းကျော် ပိုခဲ့ပေမယ့် တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်နဲ့ စက်မှုကုန်ချောပစ္စည်းတွေ ပို့တာက သိသိသာသာကို လျော့သွားပါတယ်။
သွင်းကုန်မှာတော့ လူသုံးကုန်ပစ္စည်းတွေက အရင်နှစ် ကာလတူထက် ၉၅ သန်းပဲ လျော့ပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေက သန်း ၂၀၀ ကျော်၊ လုပ်ငန်းသုံး ကုန်ကြမ်းတွေက သန်း ၄၃၀ ကျော် လျော့သွားခဲ့တာပါ။