မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အမေရိကန် FDA  အတည်ပြု

မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်တမျိုးကို  အမေရိကန် ဆေးဝါးနဲ့ အစားအစာအုပ်ချုပ်ရေးအဖွဲ့ FDA က ဒီဇင်ဘာ ၁၇ ရက်မှာ   ထောက်ခံအတည်ပြုခဲ့ပါတယ်။  ဖိုင်ဇာကုမ္ပဏီထုတ်ကိုဗစ်ကာကွယ်ဆေးကို  FDA  အတည်ပြုပြီး တစ်ပတ်အကြာမှာ နောက်ထပ် ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုခဲ့တာပါ။   မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးတွေဟာ အသက် ၁၈ နှစ်နဲ့ အထက်လူတွေမှာ ဖြစ်နိုင်တဲ့ အန္တရာယ်တွေထက် သာလွန်တယ်ဆိုတာကို  FDA ရဲ့ ပြင်ပအကြံပေးအဖွဲ့က ထောက်ခံမဲ ၂၀ ၊ ကန့်ကွက်မဲ မရှိ  ၊ ပျက်ကွက်မဲ တစ်ခုနဲ့ အတည်ပြုခဲ့တာပါ။   ဒါကြောင့်  FDA အနေနဲ့  မိုဒါနာ ကိုဗစ်ကာကွယ်ဆေး အရေးပေါ် သုံးခွင့်ကို ဒီဇင်ဘာ ၁၇ ရက် နှောင်းပိုင်း ၊ ဒါမှမဟုတ် ဒီဇင်ဘာ ၁၈ ရက်မှာ ခွင့်ပြုပေးမယ် မျှော်လင့်ရပါတယ်။  FDA  ခွင့်ပြုချက်ရတာနဲ့ မိုဒါနာကာကွယ်ဆေးတွေကို စတင်ဖြန့်ဝေပေးတော့မှာပါ။   မိုဒါနာ ကာကွယ်ဆေးလုံးရေ ၅ ဒသမ ၉ သန်းကို  ပြည်နယ်နဲ့ မြို့ကြီးတွေကို ဖြန့်ဝေပေးဖို့ ခွဲဝေလျာထားပြီး တစ်နိုင်ငံလုံးကို ပို့ဆောင်သွားဖို့ အဆင်သင့်ပဲလို့ ကျန်းမာရေးနဲ့ လူမှုရေးရာ ဝန်ကြီး အဲလက်စ်အက်ဇာက CNBC သတင်းဌာနကို ပြောပါတယ်။  ဖိုင်ဇာနဲ့ မတူတာက မိုဒါနာကိုဗစ်ကာကွယ်ဆေးဟာ အထူးပြုလုပ်ထားတဲ့ အအေးခန်း ဒါမှမဟုတ်  ရေခဲခြောက် အများအပြား မလိုအပ်ဘဲ ကျေးလက်နဲ့ ဝေးလံခေါင်ဖျား အရပ်တွေဆီ သယ်ပို့ရ လွယ်ကူတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up