Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး-မြစ်ကြီးနားလေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်
DVB
·
December 18, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် ယာယီ ရပ်နားထားတဲ့ ရန်ကုန်-မန္တလေး-မြစ်ကြီးနား ခရီးစဉ်တွေကို    ပြည်တွင်းလေကြောင်းလိုင်း ၂ လိုင်းက ပြန်လည်စတင်ပြေးဆွဲတော့မယ်လို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တာဝန်ရှိသူတွေထံက သိရပါတယ်။ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဒီဇင်ဘာလ ၁၆ ရက်ကစတင် ပျံသန်းခွင့်ပြုခဲ့တာဖြစ်ပြီ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ မန္တလေးကနေ ပြည်တွင်းလေကြောင်းလိုင်း ၂ လိုင်း ပြန်လည်ပြေးဆွဲမှာဖြစ်ပါတယ်။  Air KBZ နဲ့ Golden Myanmar လေကြောင်းလိုင်းနှစ်လိုင်းဟာ  ရန်ကုန်-မန္တလေး-မြစ်ကြီးနား ခရီးစဉ်တွေကို ပြန်လည် ပြေးဆွဲမယ်လို့ သိရပါတယ်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေကြောင်းဝန်ဆောင်မှု ပေးနေတဲ့ MJasရဲ့ ဌာနမှူး ဦးတင်မောင်ကျော်က "အခုလောလောဆယ် ကျနော်တို့ဆီကို အကြောင်းကြားထားတာကတော့ ကမ္ဘောဇရယ်၊ ဂိုးဒင်းမြန်မာအဲလိုင်းရယ်ပေါ့နော်၊ နှစ်ကြောင်း ၊ ကျနော်တို့ ၁၉ ရက်နေ့မှာ ဆွဲမယ်ဆိုပြီး အကြောင်စကြားထားပါတယ်။ နှစ်ကြောင်းလုံးက ရန်ကုန်-မန္တလေး-မြစ်ကြီးနားနဲ့ မြစ်ကြီးနား-မန္တလေး-ရန်ကုန်တို့ ဖြစ်ပါတယ်ခင်ဗျ" လို့ ပြောပါတယ်။ အခုလို လေကြောင်းပြေးဆွဲမှု စတင်ရာမှာ ရောဂါပိုးကူးစက်မှုကို ဟန့်တားနိုင်ဖို့အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဌာနမှူး ဦးတင်မောင်ကျော်က"ကျနော်တို့ ပြင်ရမယ့် ဆင်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရယ်၊ ကျန်းမာရေးဝန်ကြီးဌာနကနေ ဂိုက်လိုင်းတွေ ပေးထားတာရှိပါတယ်။ အဲ့ဒါကတော့ လေဆိပ် departureမှာ ခရီးသည်တွေကို အပူချိန် စစ်ဆေးရမယ်၊ ဒါကျနော်တို့ ဝန်ထမ်းတွေရောပေါ့နော်၊ နောက် ဒီထဲမှာ ခရီးသည်တွေ ဒီထဲ ထိုင်တဲ့နေရာမှာ ထိုင်ခုံတွေကို သူတို့ သတ်မှတ်ထားတဲ့ အကွာအဝေး ခြောက်ပေရှိအောင် ကျနော်တို့ marking ပေးတာတို့၊ နောက် security မှာ အစစ်ခံတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေ အကွာမှာရှိအောင် social distancing marker တွေ လုပ်ပေးထားတယ် ၊ check-in မှာ ဝင်တဲ့အချိန်မှာလည်း social distancing marker လေးတွေ လုပ်ပေးထားတယ်၊ ပြီးတော့ ခရီးသည်သွားမယ့် လာမယ့်နေရာတွေမှာ သူတို့ အသုံးပြုလို့ရအောင်  လက်သန့်ဆေးတွေ ထားပေးထားတယ်၊  လေယာဉ်ပေါ်တက်တဲ့အချိန်အထိ၊ အဲဒါလေးတွေ လုပ်ပေးထားပါတယ်" လို့ ပြောပါတယ်။ ပြည်တွင်းလေကြောင်း စီးနင်းမယ့် ခရီးသည်တွေဟာ ၃၆ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ဆေးစစ်ထောက်ခံချက်ပါရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ရောဂါကူးစက်ခံထားရမှု ရှိမရှိ ဆေးစစ်ဖို့အတွက် လေယာဉ်လက်မှတ် ပြသပြီး ကျန်းမာရေး၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ နေရာတွေမှာစစ်ဆေးနိုင်တယ်လို့ သိရပါတယ်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပြေးဆွဲနေတဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်းလမ်း ၁၇ ခုနဲ့ ပြည်တွင်းလေကြောင်းလမ်း ၅ ခု ရှိတယ်လို့ သိရပါတယ်။  ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အဆိုပါလေကြောင်းလိုင်းအားလုံးဟာ စက်တင်ဘာလကတည်းက ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ထိန်ထိန်လင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024