Live
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် ကေအန်ယူတိုက်ပွဲဖြစ်၊ တပ်မတော်သား ၂ ဦး ဖမ်းဆီးခံရ
DVB
·
December 17, 2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒေ့လော်ဖိုးနို့အနီး တပ်မတော်နဲ့ ကေအန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ ဒီဇင်ဘာ ၁၅ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး တပ်မတော်သား ၂ ဦးကိုက ဖမ်းဆီးထားကြောင်း KNLA တပ်မဟာ(၅)မှ ဗျူဟာအဆင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က နှစ်ဘက်တပ်တွေအကြား ခရီးထွက်တာ၊ ကင်းလှည့်တာတွေမှာ သတင်းပို့ ပျက်ကွက်တာကြောင့် KNLA တပ်မဟာ(၅)၊ တပ်ရင်း ၁၀၂ က ပစ်ခတ်ရာ တပ်မတော် ဘက်က ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရပြီး တပ်သား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းတာလို့ KNLA တပ်ဖွဲ့ကပြောပါတယ်။ ကရင်ပြည်နယ်၊ မဲဝိုင်ဒေသအနီးမှာ  အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေ ကို  ကေအန်ယူလက်အောက်ခံ   KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့  စစ်သည်တချို့ ဒဏ်ရာရ သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က  သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မနက်က  တပ်မတော်သားတွေကို  KNLA တပ်မဟာ(၅)က မိုင်းဆွဲ တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KNLA အဖွဲ့တွေ  ဆုတ်ခွာထွက်ပြေးသွား ခဲ့တယ်လို့လည်း ဆိုပါတယ်။ KNLA တပ်မဟာ(၅)အဖွဲ့ဟာ ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ်နယ်မြေ ကျော်လွန် ပြီး  မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်နဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် ပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း တပ်မတော်က စွပ်စွဲထားပါတယ်။ ဒီဇင်ဘာ ၁၅ ရက်တိုက်ပွဲဖြစ်ပွားပြီးနောက်  မဲဝိုင်တပ်စခန်းနဲ့ နီးစပ်နေရာတွေကို လက်နက်ကြီးနဲ့ မကြာခဏ လှမ်းပစ်တာတွေကြောင့် ရွာသားတွေဟာ စိုးရိမ်မှုတွေနဲ့ နေထိုင်စားသောက်ရတယ်လို့ ဆိုပါတယ်။ ဒါဟာ NCA စာချုပ်ပါ စည်းကမ်းချိုးဖောက်တာလို့ ယူဆရပြီး ဖာပွန်ခရိုင်ထဲအခြေချနေတဲ့ မဲဝိုင်တပ်စခန်း ပြောင်းရွှေ့တဲ့ကိစ္စ  အဓိကပြဿနာဖြစ်ကြောင်း KNLA တပ်မဟာ(၅)မှ ဗျူဟာ အဆင့်ရှိသူက ပြောပါတယ်။  စခန်းထိုင် တပ်မတော်သားတွေဟာ ဒေသခံတွေကို ခိုင်းစေတာအပြင် စိုက်ပျိုးခင်းတွေကို အနှောင့်အယှက်ပေးတာ၊ KNU သစ်တောဝန်ထမ်းကို ပစ်သတ်တာတွေကြောင့်   မလိုလားအပ်တဲ့ တိုက်ပွဲဖြစ်နေတာလို့လည်း ဆိုပါတယ်။ မဲဝိုင်စခန်းပြောင်းရွှေ့ရေး တောင်းဆိုချက်အပေါ် တပ်မတော်က ငြိမ်းချမ်းရေး လိုလားပြီး  ဆွေးနွေးပါက ဖမ်းထားတဲ့ တပ်မတော်သား ၂ ဦးကို ပြန်လွှတ်ပေးဖို့ ရှိတယ်လို့  KNLA ဘက်က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ KNLA တပ်မဟာ(၅)ရဲ့ NCA သဘောတူစာချုပ် ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီထံ  ၃၉ ကြိမ် ကန့်ကွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ဖိုးစီ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024