ဩစတြေးလျ စားသုံးသူရေးရာကော်မရှင်က Facebook ကုမ္ပဏီကို တရားစွဲ

သြစတြေးလျ ယှဉ်ပြိုင်မှုနဲ့ စားသုံးသူရေးရာကော်မရှင် (ACCC) က Facebook နိုင်ငံတကာ ကော်ပိုရေးရှင်းကို သတင်းအချက်အလက် သုံးစွဲမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၆ ရက်မှာ တရားစွဲလိုက်ပါတယ်။ သုံးစွဲသူတွေပေးတဲ့ သတင်းအချက်အလက်တွေကို ကိုယ်ရေးကိုယ်တာအဖြစ် ထားတယ်လို့ အခိုင်အမာ ပြောနေချိန်မှာပဲ လုံခြုံရေး ဆော့ဖ်ဝဲလ်တရပ်ဆီကနေ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနေတယ်လို့ (ACCC) က Facebook ကို စွပ်စွဲ ထားပါတယ်။ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းကာကွယ် ဆင်ခြင်တိုင်းတာဖို့ နည်းလမ်းအဖြစ် အွန်လိုင်း ကိုယ်ရေးကိုယ်တာ ကွန်ရက်ကို Facebook ဟာ အရောင်းမြှင့်တင် နေပေမဲ့ အချက်အလက်တွေကို သိုမှီးထားဖို့ စုဆောင်းကောက်ယူထားတဲ့အတွက် Facebook ကို ဒဏ်ငွေတပ်ဖို့ ကြိုးစားနေတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။ တရားစွဲပုံဟာ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင် FTC က မှတ်လောက် သားလောက် တရားစွဲပုံနဲ့ တူနေတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။ Facebook ဟာ ဓာတ်ပုံတွေ မျှဝေတဲ့ အပလီကေးရှင်း Instagram ၊ စာတိုပေးပို့တဲ့ အပလီကေးရှင်း Whatsapp တို့ အပါအဝင် ကိရိယာတွေကို သုံးပြီး ပစ်မှတ်တွေကို ဆုံးဖြတ်ဖို့၊ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို အသုံးချပြီး ဈေးကွက် လွှမ်းမိုးမှုကို ထိန်းထားတယ်လို့ FTC က ဖေ့စ်ဘွတ်ကို စွပ်စွဲတိုင်ထားတာပါ။  ACCCရဲ့ ဥက္ကဋ္ဌက “FTC က လုပ်ခဲ့တာနဲ့ ပတ်သက်မှုရှိပေမယ့် သူတို့က ဈေးကွက် ယှဉ်ပြိုင်မှုကိစ္စဘက်ကို ကြည့်ခဲ့တာ၊ ကျနော်တို့ကတော့ စားသုံးသူရေးရာ ကိစ္စဘက်ကို ကြည့်ခဲ့တာ” လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ Facebook နဲ့ Google တို့က သူတို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ တင်လာမယ့် ပါဝင်တဲ့ အကြောင်းအရာတွေအတွက် ပြည်တွင်းမီဒီယာဌာနအနေနဲ့ ပေးဆောင်စရာ ရှိတာတွေ ပေးဆောင်ဖို့ အစီအစဉ်တွေကို သြစတြေးလျက ဒီလအစောပိုင်းမှာ ရှေ့တိုး လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up