ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို ထောင်ဒဏ် ၆ လ ထပ်ချ
DVB
·
December 15, 2020
တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို ထောင်ဒဏ် ၆ လ ထပ်မံချမှတ်လိုက်ပြီး သံချပ်ဖျော်ဖြေတဲ့ အမှုတခုထဲကို ထောင်ဒဏ် အကြိမ်ကြိမ်ချနေတာ စုစုပေါင်း ထောင်ဒဏ် ၆ နှစ်အထိရှိနေပြီ ဖြစ်ပါတယ်။
ကိုဇေယျာလွင်ကို ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တရားရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်မနက်က ၆ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးချိန်မှာ နှစ်ဖက်ကြားနာမှုတွေပြုလုပ်ခဲ့ပြီး ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့တာပါ။
"တပ်အနေနဲ့ ခုလိုဖြစ်ရပ် တစ်ခုထဲကို မြို့နယ်တွေခွဲပြီး ပုဒ်မတွေ အမျိုးမျိုးနဲ့ တရားစွဲဆိုတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးပိုးကို လိုက်သတ်နေတာလို့ မြင်ပါတယ်၊ အစိုးရအနေနဲ့ ဖြစ်စေ၊ တပ်အနေနဲ့ဖြစ်စေ မမှန် မကန် ပြုမှုတာတွေ ရှိလာရင် ကျနော်တို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ အမြဲတမ်းဝေဖန်ထောက်ပြနေမှာ ဖြစ်ပါတယ်"လို့ ထောင်ဒဏ် ၆ လ ချမှတ်ခံရသူ ကိုဇေယျာလွင်က ပြောပါတယ်။
သံချပ်ထိုးတာတွေနဲ့ပတ်သက်ပြီး ခုလိုတရားစွဲဆိုခံရတဲ့အပေါ် ကြောက်ပြီး နောက်ဆုတ်သွားမှာမဟုတ်ဘဲ သံချပ်တွေဆက်ရှိနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
မအူပင်တရားရုံးက ထောင်ဒဏ် ၆ လ ထပ်ချမှတ်ခဲ့လို့ အရင်ကပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၅ နှစ် ၆ လပါ ပေါင်းရင် သံချပ်ထိုးလို့ ပြစ်ဒဏ်ချမှတ်ခံထားရတာ ထောင်ဒဏ် ၆ နှစ်ရှိသွားပြီဖြစ်တယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။
ကိုဇေယျာလွင်ကို ဆေးစစ်တာတွေပြုလုပ်ကာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၁၁ ရက်နေ့ကလည်း မအူပင်မြို့နယ်တရားရုံးမှာဘဲ တပ်မတော်က ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံရလို့ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေတိုး တို့ ၃ ဦးကို ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအ၀င် ဆက်သွယ်ရေးဥပဒေတွေနဲ့ အကြိမ်ကြိမ် တရား စွဲခံခဲ့ရတာပါ။
သတင်း - မင်းထက်မုန်း (ပုသိမ်)