မြောက်ဦးမြို့နယ် မြတန်ဆောင်စစ်ရှောင်စခန်းတွင် အကူအညီများ လိုအပ်နေ (ဓာတ်ပုံ)
DVB
·
December 14, 2020
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင် ၁,၀၀၀ ကျော်ခိုလှုံနေတဲ့ မြတန်ဆောင်စခန်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စခန်းတာဝန်ခံက “စားနပ်ရိက္ခာတွေအနေနဲ့ ဆန်ကတော့ တစ်ပတ် ဆယ်ရက်စာလောက်ပဲ ကျန်ပါတော့တယ်။ နောက်တခုက ဆောင်းရာသီဆိုတော့ အနွေးထည်တွေ၊ စောင်တွေ လိုတာပေါ့။ လိုအပ်ချက်တွေကတော့ အများကြီးပါ။ ဆန်ကတော့ အဓိက လိုအပ်ချက်ပါပဲ” လို့ ပြောပါတယ်။
ဒီစခန်းမှာ အိမ်ထောင်စု လူဦးရေ ၁,၀၀၀ ကျော် နေထိုင်ကြတာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် မသန်စွမ်းတချို့လည်း ရှိနေပါတယ်။
အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကိုယ်ဝန်ကိုတော့ ဆေးရုံကို သွားပြပါတယ်။ တစ်ကြိမ်သွားပြရင် အနည်းဆုံး ပိုက်ဆံတစ်သောင်းလောက်တော့ ကုန်ပါတယ်။ ကလေးမွေးရတော့မယ်ဆိုတော့ ငွေကြေးအကူအညီတွေလည်း လိုအပ်ပါတယ်။ နောက်ပြီး စောင်တွေ၊ အနွေးထည်တွေ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် နှစ်သိန်းနီးပါးရှိနေပြီး စစ်ဘေးရှောင်စခန်းတချို့မှာ အခက်အခဲ လိုအပ်ချက်များစွာ ရှိနေတယ်လို့ သိရပါတယ်။
Photo - Kaung Mrat Naing / MPA