ကွင်းလယ်ကစားသမားများ၏ အကောင်းဆုံးပုံစံကို ပြန်ရှာတွေ့ခဲ့ပြီဟု ဇီဒန်း ပြော

ရီးရဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဟာ သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။ အက်သလက်တီကိုအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲကို စိုးမိုးနိုင်ခဲ့ပြီးနောက် ဇီဒန်းက အခုလိုပြောတာ ဖြစ်ပါတယ်။  ဒါဘီပွဲမှာ ရီးရဲလ်အသင်းအတွက် ကတ်စမဲရိုး၊ မိုဒရစ်နဲ့ ခရူးစ်တို့ဟာ ဒီရာသီ တတိယကြိမ်မြောက်အဖြစ် ပွဲထွက်လာခဲ့ပြီး ဇီဒန်းရဲ့ လူထုတ်ပုံဟာ ထိရောက်မှုရှိခဲ့ကြောင်း ပွဲချိန်တွင်းမှာ မြင်တွေ့ခဲ့ရပါတယ်။  ကတ်စမဲရိုးရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ရီးရဲလ်အသင်းဟာ ဦးဆောင်ခွင့်ရရှိခဲ့ပြီး ဒုတိယပိုင်းမှာ တီကိုဂိုးသမား အိုဘလက်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ၂ ဂိုး ပြတ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဇီဒန်းက မိုဒရစ်နဲ့ ခရူးစ်တို့ရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ချီးကျူးခဲ့ပြီး ကမ္ဘာ့ဖလားဆုရှင်ဟာ ပေးပို့မှု ၉၀ မှာ ၈၇ ကြိမ် အောင်မြင်ခဲ့ပါတယ်။  ဒါဟာ ၂၀၀၅-၀၆ နောက်ပိုင်း လာလီဂါရဲ့ မက်ဒရစ်ဒါဘီမှာ အကောင်းဆုံးပေးပို့မှု စွမ်းရည်လည်း ဖြစ်ပါတယ်။  “ဒါဘီပွဲမှာ အနိုင်ရရှိဖို့အတွက် မိုဒရစ်နဲ့ ခရူးစ်ကို ကျနော် အသုံးပြုခဲ့ပါတယ်။ ဒါဟာ မှန်ကန်ခဲ့ပါတယ်။ သူတို့ဟာ ဆိုက်ချိန်းတာနဲ့ ထောင့်ဖြတ်တွေမှာ မြန်မြန်ကစားနိုင်ခဲ့ပြီး ကျနော်တို့အတွက် နေရာလွတ်တွေ ရှာဖွေပေးခဲ့ပါတယ်။ သူတို့ဟာ အရမ်းကိုကောင်းလွန်းခဲ့ပြီး တကယ့်ကို ထူးရှယ်ပါပဲ။ ဘန်ဇီမာ၊ ဗတ်စကွတ်နဲ့ ကာဗာဟယ်တို့ ခြေစွမ်းပြခဲ့သလို အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ဗာရာနီတို့ဟာလည်း အရမ်းကို ကောင်းခဲ့ပါတယ်” လို့ ဇီဒန်းက ပြောပါတယ်။  စနေနေ့နိုင်ပွဲကြောင့် ဇီဒန်းဟာ မြို့ခံပြိုင်ဘက်ကို ၇ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းမှာ ဗဲလ်ဗာဒီနဲ့ အိုဒီဂတ်တို့လို ကစားသမားကောင်းတွေ ရှိနေတာကြောင့် ပွဲထွက် ကွင်းလယ်လူ ၃ ဦးနဲ့ပတ်သက်လို့ ဇီဒန်းကို မေးမြန်းခဲ့ပြီး ဇီဒန်းက ဒီ ၃ ဦးဟာ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့သူတွေဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာ ခြေစွမ်းပြနေသူတွေ ဖြစ်တယ်လို့ ထပ်မံချီးကျူးပါတယ်။ အက်သလက်တီကိုအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အခုသီတင်းပတ်ကို ရီးရဲလ်အသင်းဟာ အနိုင်ရလဒ်တွေနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး ဒီသီတင်းပတ်ထဲမှာ ဆီဗီလာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို မိုချင်ဂလတ်ဘတ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားတာလည်း ဖြစ်ပါတယ်။ တီကိုနဲ့ပွဲမှာ ရီးရဲလ်ကစားသမားတွေဟာ မိနစ် ၉၀ လုံး ပြိုင်ဘက်ကို ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်သာ ခွင့်ပြုပေးခဲ့ရပြီး ဒါဟာလည်း ဒုတိယပိုင်းမှာမှ ပေးခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up