Homeမြန်မာသတင်း
ပုလဲမြို့နယ်၌ USDP ကိုယ်စားလှယ်လောင်း ၂ ဦးနှင့် စည်းရုံးရေးမှူး ၁ ဦးတို့ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံရ
ပုလဲမြို့နယ်၌ USDP ကိုယ်စားလှယ်လောင်း ၂ ဦးနှင့် စည်းရုံးရေးမှူး ၁ ဦးတို့ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံရ
DVB
·
December 11, 2020
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၂ ဦးအပါအဝင် ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ပုလဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုလိုက်ပါတယ်။
တရားစွဲခံရတဲ့သူ ၃ ဦးကတော့ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးစောမောင်၊ တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဆွေနဲ့ ရပ်ကျေးစည်းရုံးရေးမှူး ဦးညိုရောင်တို့ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာကြောင့် တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် က "၉ လပိုင်း ၁၆ ရက်နေ့မှာ အင်တိုင်းသာကျေးရွာမှာ စည်းရုံးရေးဆင်းတဲ့အခါ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ဟောပြော မှုတွေလုပ်တဲ့ အသံဖိုင်ရထားတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကနေ တင်ပြတော့ ကျနော်တို့က လည်း အဆင့်ဆင့်တင်ပြလိုက်တော့ ခွင့်ပြုချက်ရတယ်။ အခု တရားရုံးကိုအမှုဖွင့်လိုက်ပြီ"လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတဲ့အမှုပေါင်း ၂ မှု ရှိပြီး ကနီမြို့နယ်မှာ ၁ မှုနဲ့ ပုလဲမြို့နယ်မှာ ၁ မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - ဌေးလှိုင်