မက်ဆီ ပြောင်းလာနိုင်သည့် ကောလာဟလသတင်းများကို ပီအက်စ်ဂျီဒါရိုက်တာ ပယ်ချ

ပီအက်စ်ဂျီအသင်းကို လီယွန်နယ်မက်ဆီ ပြောင်းရွှေ့လာနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို အားက စားဒါရိုက်တာ လီယိုနာဒိုက ပယ်ချလိုက်ပါတယ်။  အသက် ၃၂ နှစ်အရွယ် ဘာစီလိုနာ အသင်းခေါင်းဆောင်ဟာ ဒီနွေရာသီမှာ ဘာကာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေသူပါ။  မက်ဆီနဲ့ဘာစီလိုနာအသင်းစာချုပ်ဟာ  နောက်ဆုံးကာလကို ရောက်ရှိနေပြီဖြစ်ပြီး ကစားသမားကိုယ်တိုင် အသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုခဲ့ဖူးတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ဆိုတာ တော်တော်လေးခက်ခဲတယ်လို့ ယူဆရပါတယ်။ ဒါဟာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မက်ဆီနဲ့ ဘာကာအသင်းမှာ ၄ ရာသီကြာ တွဲကစားဖူးတဲ့ နေမာက မက်ဆီနဲ့တစ်သင်းထဲ ပြန်ကစားလိုတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  ဒီပြောဆိုမှုအပေါ်အခြေခံပြီး ဘာစီလိုနာရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဟာ ပီအက်စ်ဂျီအသင်းကို ရောက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့ပါတယ်။  ဒါပေမယ့် အားကစားဒါရိုက်တာ လီယိုနာဒိုကတော့ နေမာရဲ့ပြောဆိုမှုဟာ သာမာန်ပဲဖြစ်တယ်ဆိုပြီး ခန့်မှန်းချက်တွေကို ငြင်းဆိုပါတယ်။ “မဖြစ်နိုင်ပါဘူး။ နေမာအနေနဲ့ အာဂျင်တီးနားသတင်းထောက်တစ်ဦးကို ဒီလိုပြောတာ သာမာန်ပါပဲ။ သူမက်ဆီအကြောင်းကိုပြောခဲ့ပါတယ်။ ဒါဟာမထူးဆန်းပါဘူး။ ကျနော်တို့အနေနဲ့ အပြန်အလှန် လေးစားမှုကို ထိန်းသိမ်းထားသင့်ပါတယ်။ တစ်ခြားအသင်းတစ်သင်းက ကျနော်တို့ ကစားသမားအကြောင်းကိုပြောရင် ကျနော်တို့ မပျော်ရွှင်နိုင်ပါဘူး။ ဒါ့ကြောင့် တခြားအသင်းရဲ့ ကစားသမားတဦးအကြောင်းကို မပြောတာ  ကောင်းပါတယ်။ နောက်ပြီးတော့ ဒါဟာ အပြောင်းအရွှေ့အကြောင်းကို ပြောသင့်တဲ့အချိန်လည်း မဟုတ်ဘူးလေ။” လက်ရှိအသင်းရဲ့ ကစားသမားအင်အားကို ကျေနပ်ပြီး  ပြိုင်ပွဲတွေကိုသာ အာရုံစိုက်ထားတယ်လို့ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက ပြောပါတယ်။ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ နာဆာအယ်လ် ခယ်လ်လိုင်ဖာကလည်း မက်ဆီနဲ့ပတ်သက်လို့ မေးမြန်းခံရချိန်မှာ လီယိုနာဒိုလိုမျိုးပဲ ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။  ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းကလည်း မက်ဆီနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ပယ်ချလိုနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up