Home
မြန်မာသတင်း
ထိုင်းနိုင်ငံသား ၄၈ ဦးအား အဖွဲ့အစည်းတခုက မယ်ဆိုင်ဘက် တရားမဝင်ပို့ဆောင်
DVB
·
December 6, 2020
တရားမဝင် ထိုင်းနိုင်ငံသား ၄၈ ဦးကို အဖွဲ့အစည်းတခုက မြန်မာအာဏာပိုင်တွေ မသိဘဲ ထိုင်းနိုင်ငံ မယ်ဆိုင်ကို တရားမဝင်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ပို့ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံသားတွေဟာ တာချီလိတ်က ဟိုတယ်လုပ်ငန်းနဲ့ အွန်လိုင်းကာစီနိုလုပ်ငန်းတွေမှာ တရားမဝင်လာရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ပုန်းထွန်ရပ်ကွက်၊ "ဝါးဆိပ်”ဂိတ်ကနေ နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၆  နာရီလောက်က ပို့ဆောင်ခဲ့တာလို့  အမည်မဖော်လိုသူတဦးက ပြောပါတယ်။ "အဖွဲ့အစည်းတခုက တာဝန်ရှိတဲ့သူတဦး ကိုယ်တိုင်လိုက်လာပြီး ပို့ပေးတာပါ။ ဒါကို တာဝန်ရှိတဲ့သူတွေ သိလားလို့ မေးကြည့်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မသိဘူးလို့ ပြောတယ်။ ကျနော်တို့မှာ ဘာမှပြောပိုင်ခွင့်မရှိဘူးလေ၊ ဒီအတိုင်း ထိုင်ကြည့်နေရတာပါ" လို့ ပုန်းထွန်ရပ်ကွက်နေ အမည်မဖော်လိုသူက ပြောပါတယ်။ တာချီလိတ်မြို့မှာ စာရွက်စာတမ်းမရှိဘဲ တရားမဝင်နေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေကို အရေးယူပြီးမှ ပြန်လည်လွှဲပြောင်းမယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့နောက်ပိုင်းမှ အဖွဲ့အစည်းတခုက တရားမဝင်ပို့ဆောင်ခဲ့တာပါ။ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စကို လုံးဝမသိရှိခဲ့ကြောင်း၊ အုပ်ချုပ်ရေးပိုင်းကိုကျော်လွန်ပြီး ဒီလိုတရားမဝင်လုပ်ဆောင်တာကို စုံစမ်းအရေးယူမယ်လို့ ပြောပါတယ်။ "ထိုင်းနိုင်ငံအာဏာပိုင်တွေနဲ့ သဘောတူထားတာ မြန်မာဘက်မှာ စာရွက်စာတမ်းမစုံဘဲ ခိုးကူးလာတဲ့သူတွေကို မြန်မာဥပဒေအတိုင်း အရေးယူပြီးမှ လွှဲပြောင်းဖို့သဘောတူထားတာပါ။ ဒါကို အခုလိုလုပ်တာ ထိုင်းဘက်ကလည်း အိမ်နီးချင်းနိုင်ငံအချင်းချင်းရဲ့ စည်းကမ်းမလိုက်နာဘူး လို့ ပြောလို့ရတယ်။ ဒါကိုလည်း တရားဝင်အကြောင်းကြားပြီး အသိပေးသွားမှာပါ" လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။ တရားမဝင်ပို့ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံသားတွေဟာ ကျား (၂၅) ဦးနဲ့ မ (၂၃) ဦးဖြစ်ပြီး ပို့ဆောင်ချိန်မှာ ထိုင်းဘက်က မော်တော်ယာဉ်တွေနဲ့ PPE ဝတ်စုံတွေဝတ်ဆင်ပြီး လာရောက်ခေါ်ဆောင်သွားတာလို့ သိရပါတယ်။  အဲ့ဒီအချိန်မှာ ထိုင်းဘက်ခြမ်းက စစ်တပ်နဲ့ လဝက တာဝန်ရှိတဲ့သူတွေ ရှိနေတယ်လို့ ထိုင်းဘက်က မျက်မြင်တဦးက ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ည ၈ နာရီလောက်ကလည်း တာချီလိတ်မြို့နယ် ဝှေလေလန်ဂိတ် ရှောင်ကွင်းလမ်းအနီး ထိုင်း-မြန်မာ နယ်နိမိတ် မယ်ဆိုင်ချောင်းကနေ ထိုင်းနိုင်ငံသား ၁၆ ယောက်ကို အဖွဲ့အစည်းတခုက တရားမဝင်ပို့ဆောင်ခဲ့တဲ့နေရာမှာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးရုံးက သိရပါတယ်။ ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024