Homeမြန်မာသတင်း
မင်းကင်းမြို့နယ် NLD ဥပဒေအထောက်ကူပြုကော်မတီဥက္ကဋ္ဌကို ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီး တရားစွဲ
မင်းကင်းမြို့နယ် NLD ဥပဒေအထောက်ကူပြုကော်မတီဥက္ကဋ္ဌကို ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီး တရားစွဲ
DVB
·
December 3, 2020
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်ကူပြု ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်ကို ကြံ့ခိုင်ရေးပါတီအမတ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဒီဇင်ဘာ ၃ ရက်နေ့က တရားစွဲပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဦးကျော်မင်းထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ရေးသားထားတဲ့ ပို့စ်တခုကို အကြောင်းပြုကာ မင်းကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်းကနေ တိုင်တန်းခဲ့တာကြောင့် မင်းကင်းမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ကာ တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့တာဖြစ်ပါတယ်။
မင်းကင်းမြို့နယ် စခန်းမှူး ဦးဇော်မိုးကျော် က "တရားစွဲတာတော့ ဟုတ်ပါတယ်။ မင်းကင်းမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တရားရုံးကို တိုက်ရိုက်လျှောက်တာ။ ၅၀၅(ခ)နဲ့ ဖမ်းဝရမ်းကျလာတော့ ကျနော်တို့ ဒီနေ့ဖမ်းပေးရတာ"လို့ ပြောပါတယ်။
ဦးကျော်မင်းထွဋ်ရဲ့ညီဖြစ်သူ ကိုကျော်မင်းအောင်ကတော့ "မင်းကင်းတရားရုံးက ၅၀၅(ခ)နဲ့စွဲဆိုထားတဲ့အတွက် ဖမ်းဝရမ်းပါလာတယ်။ ဖမ်းဝရမ်းထဲမှာ စွဲရတဲ့အကြောင်းရင်းကိုတော့ မပါဘူး။ မြို့နယ်ထွေအုပ်ရုံးမေးကြည့်တော့ သူက လိုင်းပေါ်မှာ အိမ်တံခါးပိတ်ပြီးတော့ လုံခြုံရေးသတိရှိဖို့ဆိုပြီးတင်တာကြောင့် ပြည်ခိုင်ဖြိုးပါတီက ကိုဆန်းဝင်းက တိုင်လို့ ဥပဒေအကြံတောင်းတင်ပြီး စွဲရတာလို့ပြောတယ်"လို့ ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်တင်တာ အများပြည်သူအထိတ်တလန့်ဖြစ်တယ်ဆို ပြီးတော့ ဒေါက်တာဆန်းဝင်းက တိုင်ကြားခဲ့တာလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဘိုက ပြောပါတယ်။
" ဒီနေ့ ၅၀၅ နဲ့ဆွဲတာ ၂ မှုပေါ့။ ၁ မှုက သူတိုင်တာ။ ၁ မှုက ဒေါက်တာဆန်းဝင်းက သူ့ကိုတိုင်တာ။ ကျနော်တို့က အဆင့်ဆင့်ခွင့်ပြုချက်တင်လိုက်တော့ မနေ့ကခွင့်ပြုချက်ကြလို့ ဒီနေ့ ဆွဲလိုက်တာ။”
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မင်းကင်းမြို့နယ်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ တိုင်တန်းမှု ၁၅ မှုရှိတယ်လို့ သိရပါတယ်။
သတင်း - ဌေးလှိုင်