Home
ဆောင်းပါး
လူမှုကွန်ရက်ပေါ်က လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံရမှုတွေအတွက် တရားမျှတမှု (ဆောင်းပါး)
DVB
·
December 1, 2020
“နင် ငါနဲ့မတွေ့ရင် နင့်အိမ်လာပြီး နင့်အဖေ အမေကို နင့်ပုံတွေပြမှာလို့ ခြိမ်းခြောက်တယ်”လို့ ငယ်ငယ် (အမည်လွဲ) ကတိုးညှင်းစွာပြောပါတယ်။ ချစ်သူအမျိုးသားရဲ့ ခြိမ်းခြောက် အကျပ်ကိုင်မှုကိုခံခဲ့ရတဲ့ အသက် (၂၂)အရွယ် ငယ်ငယ်ကသူ့ရဲ့အတွေ့အကြုံကို ပြောပြတာပါ။ “ခြိမ်းခြောက်ရင်းနဲ့ ပိုဆိုးလာပြီး သူငယ်ချင်းတွေကို လိုက်ပြတဲ့အဆင့်အထိ ရောက်လာတယ်”လို့ ငယ်ငယ်က ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ သူငယ်ချင်းတစ်ဦးရဲ့ အကြံပေးမှုကြောင့် အကူအညီပေးနိုင်မယ့်သူကို ဆက်သွယ်ရာ ကြားလူရဲ့ ညှိနှိုင်းပေးမှုကြောင့် အမျိုးသားဘက်က ခြိမ်းခြောက်တာရပ်သွားပြီး မိသားစုကို လာတောင်းပန်ခဲ့တယ်လို့ ငယ်ငယ်က ပြောပါတယ်။ တစ်ဖက်ကလည်း တောင်းပန်တဲ့အပြင် မိသားစုကလည်း ထပ်မံအရှက်မရလိုတဲ့အတွက် တရားစွဲတဲ့အဆင့်အထိ မရောက်ခဲ့ဘူးလို့ ငယ်ငယ်က ပြောပါတယ်။ ငယ်ငယ့်လိုအဖြစ်မျိုး ကြုံခဲ့ရတဲ့ မိန်းကလေးတွေ ဆိုရှယ်မီဒီယာထွန်းကားတဲ့ ဒီကနေ့ခေတ်မှာ ဘယ်နှယောက်များရှိနေပြီလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါပြီ။ ချစ်သူရည်းစားနဲ့ အတူနေစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ မိန်းကလေးဘက်က သဘောတူကြည်ဖြူပြီး ရိုက်ကူးကြတာ ရှိသလို၊ မိန်းကလေး မသိအောင် ခိုးရိုက်ကြတဲ့အဖြစ်မျိုးတွေလည်းရှိပါတယ်။ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲတဲ့အခါမှာတော့ တချို့အမျိုးသားတွေက အဲ့ဒီ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို လက်နက်အဖြစ် ထုတ်သုံးကြပါတယ်။ အဲ့လိုဖြစ်ရပ်မျိုးတွေအပြင် အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို လိင်ပိုင်းဆိုင်ရာ မကောင်းတဲ့နည်းလမ်းနဲ့ ဖြန့်ဝေမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း အဖြစ်များလာပါတယ်။ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေက ရင်းနှီးသူအချို့က ကျူးလွန်တာမျိုးရှိသလို သူစိမ်းတွေက ကျုးလွန်တာမျိုးတွေလည်း ရှိပါတယ်။ မိန်းကလေးအများစုက ဒီလိုကြုံတွေ့ရတဲ့အခါ ပတ်ဝန်းကျင်နဲ့မိသားစု သိမှာစိုးတဲ့အတွက် တစ်ယောက်တည်း ဖြေရှင်းကြပါတယ်။ “မိန်းကလေးတွေအနေနဲ့ ခြိမ်းခြောက်ခံရမယ်ဆိုရင် နည်းနည်းလေး သတ္တိမွေးစေချင်တယ်။ အဲ့လိုဖြစ်လာရင် ကိုယ့်ဘက်ကနေပဲ အရင်ဆုံးသတ္တိရှိရှိနဲ့ ရင်ဆိုင်စေချင်တယ်” လို့ မွန်ပြည်နယ်၊ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သူ့အမြင်ကို ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေ ကြုံရတဲ့အခါ မိန်းကလေးတွေအနေနဲ့ မကြောက်ဖို့၊ တစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ဖို့၊ တရားဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ဖို့လိုအပ်ရင် ဆောင်ရွက်သင့်တယ်လို့ Women’s Federation For Peace ရဲ့ ဒါရိုက်တာ ဒေါ်သူဇာတင်က အကြံပြုပါတယ်။ “ကြောက်အောင်ခြောက်တာလေ၊ မကြောက်ရင်ဆက်မလုပ်ရဲဘူး။ တချို့ကျတော့ မိဘအသိုင်းအဝိုင်းက သိမှာစိုးလို့ တယောက်ထဲ ကြိတ်ဖြေရှင်းကြတယ်။” လို့ ဒေါ်သူဇာတင်ကပြောပါတယ်။ အွန်လိုင်းပေါ်ကတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ရတဲ့အခါ အီလက်ထရောနစ်ဉပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ဥပဒေရေးရာကုစာရေးအဖွဲ့ (မြန်မာ)ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို တရားလွှတ်တော်ရှေ့နေ့ ဖြစ်တဲ့ ဒေါ်လှလှရီက ပြောပါတယ်။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အရ ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တဦးဦးကို ခြောက်လှန့်တောင်းယူခြင်း၊ သရေဖျက်ခြင်း၊နှောင့်ယှက်ခြင်းသို့မဟုတ် ခြိမ်းခြောက်ခြင်းတွေ ပြုလုပ်ရင် နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ)အရ “ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြုပြီး ငွေကြေးနဲ့ ပစ္စည်းတရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း” တို့ကို ပြုလုပ်ပါက ” နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အွန်လိုင်းကတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကထိရောက်အဟန့်အတားဖြစ်စေလောက်တဲ့ အနေအထားတစ်ခုမဟုတ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်ပါတယ်။ အမှုဖွင့်တိုင်ကြားနိုင်ပေမယ့် ကျူးလွန်သူအများစုက အကောင့်အတုတွေနဲ့ ကျူးလွန်ကြတာဖြစ်တဲ့အတွက် အမှုဖွင့်ရာမှာအခက်အခဲတွေရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ့ ဒေါ်လှလှရီကပြောပါတယ်။ “အွန်လိုင်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအသရေဖျက်တဲ့ ကိစ္စတွေ ခြိမ်းခြောက်တဲ့ကိစ္စတွေကို သေသေချာချာ စုံစမ်းဖော်ထုတ်ပေးနိုင်မှုက အားနည်းနေသေးတယ်။ အားနည်းချက်တွေရှိတဲ့အတွက် အမျိုးသမီးတွေက တရားမျှတမှုရရှိဖို့ တချို့အခြေအနေမှာအခက်အခဲတွေ တွေ့ရတယ် ”လို့ ဒေါ်လှလှရီကဆိုပါတယ်။ ဒီဖြစ်ရပ်တွေအပေါ်မှာ တရားဥပဒေလမ်းကြောင်းအရ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို မရွေးဘဲ၊ Social Justice နည်းလမ်းနဲ့ ဖြေရှင်းသူတွေလဲ ရှိလာပါပြီ။ ခြိမ်းခြောက်သူတွေကို ပြန်လည် အရှက်ခွဲတဲ့နည်းလမ်းနဲ့ တုံ့ပြန်လာကြတာကိုတွေ့ရပါတယ်။ ဒီလိုတုံ့ပြန်တဲ့အခါမှာ တချို့ကရပ်တန့်သွားသလို တချို့ကဆက်လက်ကျူးလွန်ကြတာမျိုးလည်းရှိပါတယ်။ နစ်နာသူအမျိုးသမီးတွေကို အပြစ်တင်သူတွေရှိသလို တစ်ဖက်မှာလည်း ကျူးလွန်သူကိုသာ အပြစ်တင်သင့်တယ်ဆိုတဲ့ အမြင်ရှိသူတွေ ရှိလာပါပြီ။ ကျူးလွန်သူရဲ့ ခြိမ်းခြောက်တာအပြင် ပတ်ဝန်းကျင်ရဲ့အပြစ်တင်မှုတွေက အမျိုးသမီးတွေကို ဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေက ဆိုပါတယ်။ ပတ်ဝန်းကျင်အနေနဲ့လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင် နေတဲ့အမျိုးသမီးတွေကို အားပေးဖို့လို သလို မိသားစုဝင်တွေအနေနဲ့ အပြစ်မတင်ဘဲ ကူညီပံ့ပို့ပေးဖို့လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကအကြံပြုပါတယ်။ “အမျိုးသမီးတွေအနေနဲ့ ဒီလိုကိစ္စတွေဖြစ်လာတဲ့အခါ တရားမျှတမှုရရှိဖို့အတွက် ရင်ဆိုင်ဖို့လိုတယ်”လို့ ဒေါ်လှလှရီကဆိုပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်းမှာတော့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြုပြီး အမျိုးသမီးရဲ့လိင်ပိုင်းဆိုင်ရာနဲ့ စပ်လျဉ်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်ကူးမှု၊ အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ရက်တွေမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ထုတ်ဖော်ဖြန့်ဝေမှု၊ ညစ်ညမ်းပုံပေးဖို့ ဖြန့်ဝေတာတွေ ပြုလုပ်ပါက အနည်းဆုံးခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။ သို့သော်လည်း ၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ပြီး လက်ရှိအချိန်ထိ ဥပဒေကြမ်းသာရှိနေသေးတဲ့ ဒီဥပဒေမူကြမ်းက လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးအတည်ပြုရဦးမှာ ဖြစ်ပါတယ်။ ဥပဒေကောင်းတွေရှိဖို့ လိုအပ်ရုံတင်မကဘဲ ခိုင်မာတဲ့ တရားစီရင်ရေးရှိဖို့ လိုအပ်တယ်လို့ Women’s Federation For Peace ရဲ့ ဒါရိုက်တာ ဒေါ်သူဇာတင်က ထောက်ပြပြောဆိုပါတယ်။ “ ဒီလိုကိစ္စတွေ မဖြစ်လာအောင် တားမြစ်ပေးဖို့ ကာကွယ်ပေးဖို့အတွက် နိုင်ငံတော်ရဲ့သက်ဆိုင်ရာဌာနတွေမှာ တာဝန်ရှိသလို လူမှုအသိုင်းအဝိုင်းက ကူညီပံ့ပိုးဖို့လည်းလိုပါတယ်။ ဒီလို ကိစ္စတွေ တိုင်တန်းလာတဲ့အခါ အချိန်နဲ့တစ်ပြေးညီ ဖော်ထုတ်စုံစမ်းဖို့ လိုအပ်ပါတယ်။ အဲ့လိုစုံစမ်းဖို့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေကိုလည်း ခန့်အပ်ထားဖို့ လိုပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒီလိုကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောမထားဘဲနဲ့ ထိရောက်တဲ့ ကာကွယ်ပေးမှုတွေနဲ့ အမျိုးသမီးတွေအပေါ်မှာ တရားမျှတအောင် လုပ်ပေးသင့်တယ်” လို တရားလွှတ်တော် ရှေ့နေဒေါ်လှလှရီက တိုက်တွန်းပါတယ်။ ဖြစ်ရပ်ဆိုးတစ်ခုကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ငယ်ငယ်ကတော့ “ဒီလိုမျိုးဖြစ်ရပ်တွေဖြစ်လာရင် ကျူးလွန်သူကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် အပြစ်ပေးနိုင်မယ့် ဥပဒေမျိုး ပေါ်ပေါက်လာစေချင်တယ် ” လို့ ဆိုပါတယ်။ ခင်ဘုန်းမို့ hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024