Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကို စကားဖြင့်မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ပေးရန် စစ်ရှောင်ပြည်သူများ တောင်းဆို
DVB
·
November 30, 2020
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်အောင်၊ ငြိမ်းချမ်းရေးကို စကားအနေနဲ့မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ဖို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးကာလက ပြည်သူတွေနဲ့ပူးပေါင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပြင် ပဋိပက္ခလျော့နည်းလာဖို့နဲ့ ရပ်တန့်သွားအောင် လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့တဲ့အပေါ် လက်တွေ့ဆောင်ရွက်ပေးဖို့ ကွတ်ခိုင်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်တာပါ။ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာ (ဟိုခိုစစ်ရှောင်စခန်း)၊ ဒုတာဝန်ခံ ဒေါ်လွေးဟိုခမ်းက “ငြိမ်းချမ်းရေးကို စကားအနေနဲ့မဟုတ်ဘဲ  လက်တွေမှာ အထူးသဖြင့် စစ်ရှောင်စခန်းတွေက ကျန်ရစ်ခဲ့တဲ့ အိုးအိမ်မြေနေရာတွေကို  ဆုံးရှုံးခဲ့ရတဲ့အတွက်  စစ်ရှောင်တွေကို မပစ်ပယ်ဘဲ ဝိုင်းဝန်းပြီးမှကြည့်ရှုပါ။ ကူညီပါ”လို့ ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်၊ ကာလှိုင်ဇွပ်အောင် စစ်ရှောင်စခန်း၊ ဒေါ်ဇောင်းယမ်းက “တောင်းဆိုချင်တာက  အဓိကတစ်ချက်က  ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့မှ ကျမတို့ဒေသ လွတ်လွတ်လပ်လပ်နဲ့ လုပ်စားကိုင်စားလို့ရအောင် ငြိမ်းချမ်းရေးကို ဦးတည်ပြီးမှ သွားစေချင်တယ်” လို့ ဆိုပါတယ်။ လွှတ်တော်အတွင်းမှာ ငြိမ်းချမ်းရေးအပြင် စစ်ရှောင်ပြည်သူတွေ မိမိဒေသ၊ မိမိရပ်ရွာကို ပြန်နိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တင်ပြဆွေးနွေးသွားမယ်လို့ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။ ကွတ်ခိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၅၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးအိုက်မွန်းက “စစ်ရှောင်အနေနဲ့လာတဲ့လူတွေ မိမိဒေသ၊ မိမိရပ်ရွာကို ပြန်နိုင်အောင် သက်ဆိုင်ရာအစိုးရ၊ ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ တိုင်ပင်ညှိနှိုင်းပြီး တင်ပြမယ်။ ငြိမ်းချမ်းရေးရမှသာ ကျနော်တို့ အေးချမ်းမှာ” လို့ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတိုင်း ရေသန့်ဖိုးတွေ ကုန်တာပဲ မြင်ပြီး တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာလိုက်တိုင်း နောက်နေ့ တိုက်ပွဲဖြစ်တာတွေ များတဲ့အတွက် အယုံအကြည်မရှိဘူးလို့ ကွတ်ခိုင်မြို့နယ်၊ ကာလှိုင်ဇွပ်အောင် စစ်ရှောင်စခန်း၊ စခန်းကော်မတီဝင် ကိုနော်လောန်က ပြောပါတယ်။ “လက်တွေ့နဲ့ သူတို့ပြောတဲ့ဟာနဲ့ မကိုက်တော့ ဒီအပေါ်မှာ အယုံအကြည်တော့ မရှိဘူး။ ယုံကြည်ရခက်တယ်။” ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒီကနေ့အထိ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်အများစုဟာ စားသောက်နေထိုင်ရေး အခက်အခဲတွေအပြင် အမျိုးသမီးတွေအနေနဲ့ ဘဝလုံခြုံရေးစိုးရိမ်ရတယ်လို့ စခန်းတာဝန်ရှိသူတွေက ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရဲ့ပဋိပက္ခတွေကြောင့် လူဦးရေ ၁၇၀၀၀ ကျော်ဟာ မိမိတို့ ကျေးရွာတွေ၊ အိုးအိမ်တွေ၊ လယ်ယာ ဉယျာဉ်ခြံမြေတွေကို စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခိုလှုံနေခဲ့ရတာတွေရှိတယ်လို့ ရှမ်း၊ ကချင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ(IDPs)က သတင်းထုတ်ပြန်ထားပါတယ်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရှမ်းပြည်မြောက်ပိုင်း၊ မြို့နယ် ၁၃ မြို့နယ်မှာ တိုက်ပွဲပေါင်း ၁၀၈ ကြိမ်ဖြစ်ပွားခဲ့ရာမှာ အမျိုးသမီး ၄၁၄၆၈ ဦး၊ ကလေးငယ် ၃၈၇၆ ဦး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦး၊ သေဆုံးသူ ၂၁ ဦး၊ မိုင်းထိသေဆုံးသူ ၃ ဦးအထိ ရှိပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း စစ်ရှောင်ပြည်သူ ၁၇၀၀ နီးပါးရှိပြီး အမျိုးသား ၅၅၀ ကျော်၊ အမျိုးသမီး ၉၀၀ ကျော်၊  ကလေး ၂၃၀ ကျော် သက်ဆိုင်ရာ စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်နေရတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း(လားရှိုး)က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024