ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
November 29, 2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ မိုးညှင်းမြို့နယ်မှာလည်း မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီနေ့ညနေ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဘိန်းဖြူတွေ သယ်ဆောင်လာကြောင်း သတင်းအရ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခွဲလောက်က နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ကံဌေးမောင်းနှင်ပြီး သိန်းဇော် လိုက်ပါလာတဲ့ CANTER အမျိုးအစား မော်တော်ယာဉ်အား လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်လောက်မှာ ပုသိမ်ကြီးမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မော်တော်ယာဉ်ရပ်တန့်ထားပြီးနောက် ခန့်ဇော်နဲ့ ခွန်ဇော်ထက်တို့ ၂ ဦးရောက်ရှိပြီး မူးယစ်ဆေးဝါးတွေကို လွှဲပြောင်းလက်ခံပြုလုပ်နေစဉ် ထိန်းသိမ်းပြီး ရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိစက္ကူဂျပ်ဖာများအတွင်း ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ဘိန်းဖြူ ၈၈ ကီလိုသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့ကို ပို့ဆောင်မှာဖြစ်ကြောင်း ဖော်ထုတ်သိရှိတာကြောင့် ကွင်းဆက်အရ ညနေ ၆ နာရီအချိန်မှာ မိုးညှင်းမြို့၊ အောင်သပြေ (၁)ရပ်ကွက်၊ အမှတ်(၇/ခ) နေ မူးယစ်ဆေးဝါးလက်ခံမယ့် မအိအိခိုင် (ခ)ဘုတ်ဘုတ်ရဲ့ နေအိမ်အား ဝင်ရောက်ရှဖွေခဲ့တယ်လို့ ဆိုပါတယ်။
နေအိမ်အတွင်း ဘိန်းစိမ်း ၁၇ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ပြား၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးတို့နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက်၊ အမှတ်(၇၅)နေ မဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာအား ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကံဌေး၊ သိန်းဇော်(ခ)အောင်အောင်၊ ခန့်ဇော်၊ ခွန်ဇော်ထက်၊ မအိအိခိုင်(ခ)ဘုတ်ဘုတ်၊ မဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာနှစ် တို့ကို ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။