မော်လမြိုင် ကိုဗစ်ကုသရေး ဆေးရုံ ၃ ခုလုံး လူနာပြည့်နေ၍ သထုံကို ပြောင်းရွှေ့ကုသနေရ
DVB
·
November 28, 2020
မွန်ပြည်နယ် မော်လမြိုင်က ကိုဗစ်-၁၉ ကုသရေး ဆေးရုံ ၃ ခုစလုံးမှာ ကိုဗစ်အတည်ပြုလူနာတွေ ထားစရာ နေရာမရှိတော့လို့ သထုံမြို့နယ်က စက်မှု သင်တန်းကျောင်းကို ပြောင်းရွှေ့ကုသပေးနေရပါတယ်။
မွန်ပြည်နယ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၃၅၅ ဦးအထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ၁၂ ဦး သေဆုံးထားပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကိုဗစ်လူနာတွေကို မော်လမြိုင်က ကိုဗစ်ကုသရေး ဆေးရုံ ၃ ခုမှာ စောင့်ကြည့်ကုသပေးခဲ့တာပါ။ အခုအခါ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေ ထားစရာနေရာမရှိတော့တဲ့အတွက်ကြောင့် သထုံမြို့နယ်က စက်မှုသင်တန်းကျောင်းကို ပြောင်းရွှေ့ကုသပေးနေရပါတယ်။
စက်မှုသင်တန်းကျောင်းမှာတော့ အသက်ငယ်ရွယ်ပြီး ရောဂါလက္ခဏာ မပြတဲ့သူတွေနဲ့ အသက် ၅၀ အောက် ကိုဗစ်လူနာတွေကို စောင့်ကြည့်ကုသပေးနေတာလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။
သထုံမြို့နယ်က စက်မှုသင်တန်းကျောင်းမှာတော့ ကိုဗစ်အတည်ပြုလူနာတွေအတွက် ကုတင် ၁၅၀ ကျော် ပြင်ဆင်ထားတာပါ။ အဲဒီ Isolation Ward မှာတော့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က ကိုဗစ်အတည်ပြုလူနာတွေကို စောင့်ကြည့်ကုသပေးသွားမှာ ဖြစ်ပါတယ်။
အခုအခါ သထုံမြို့နယ်က စက်မှုသင်တန်းကျောင်းရဲ့ Isolation Ward မှာ ကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးဖို့ စက်ပစ္စည်းအပြင် PPE နဲ့ N 95 Mask တွေ လိုအပ်နေတယ်လို့ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။
မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်မြို့နယ်က အများဆုံးဖြစ်ပြီး ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်ဟာ ဒုတိယအများဆုံး ရောဂါပိုးတွေ့ရှိထားတာပါ။ ရောဂါပိုး တွေ့ရှိထားတဲ့ အတည်ပြုလူနာ ၁၃၅၀ ကျော်မှာ သေဆုံးသူ ၁၂ ဦးထိ ရှိလာခဲ့ပါတယ်။
ဇော်လွင်ထွဋ်