မဲရုံတာဝန်ကျ ဆရာမ ၂ ဦး ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန်
DVB
·
November 26, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ၂ ယောက်ဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ကနေ သိရပါတယ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမက(ဖို့မြေ)က အလယ်တန်းပြဆရာမ တစ်ယောက်နဲ့ ဗိုလ်တထောင်မြို့နယ်၊ အထက(၂)က အလယ်တန်းပြဆရာမ တစ်ယောက်တို့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ဆရာမနှစ်ယောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံတွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က စုံစမ်းရယူထားတဲ့ စာရင်းတွေအရ နိုဝင်ဘာ ၂၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ ဆရာ/ဆရာမ ၅၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။
သတင်း -လွင်မိုးအောင်