ဩစတြေးလျတွင် သုံးပတ်ဆက်တိုက် ကိုဗစ်-၁၉ ကူးစက်ခံရသူမရှိ၊ ကန့်သတ်ချက်များ ဖြေလျှော့

သြစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးပြည်နယ်မှာ သီတင်းပတ် ၃ ပတ်နီးပါး ဆက်တိုက် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ခံရသူတယောက်မှ မရှိတော့လို့ ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ဖို့ လိုအပ်ချက်ကို ဖယ်ရှားလိုက်ပြီး လူချင်းခွာနေရမယ့် ကန့်သတ်ချက်ကို ဖြေလျှော့ပေးတော့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။ ကမ္ဘာတဝန်း နေရာအစိတ်အပိုင်း အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေတာကို လျှော့ချဖို့ ပိုတင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်နေရချိန်မှာ သြစတြေးလျပြည်နယ်တွေကတော့ လတ်တလောသီတင်းပတ်တွေအတွင်း ကန့်သတ်ချက် အားလုံးနီးပါးကို စတင်ဖြေလျှော့နေပါပြီ။ ဒါဟာ ခရစ်စမတ်အကြိုရာသီမှာ စီးပွားရေး ပြန်ဦးမော့လာဖို့ ကြီးမားတဲ့ အထောက်အပံ့လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။ ဖြေလျှော့မှုအရ စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ ကဖေးဆိုင်တွေမှာ လက်ခံနိုင်တဲ့ ဖောက်သည်အရေအတွက် တိုးလာနိုင်ပြီး လူတွေလည်း သူတို့အိမ်တွေ ခြံတွေမှာ အခန်းပြင်ပ လေဟာပြင်နေရာ လုံလောက်ရင် လူ ၅၀ ထိတိုးပြီး လက်ခံ ဧည့်ခံနိုင်ပါပြီ။ ဒါပေမဲ့ ကူးတို့ယာဉ်တွေ၊ ရထားတွေ၊ ဘတ်စ်ကားတွေနဲ့ သွားလာချိန်မှာ ပါးစပ် နှာခေါင်းစည်းမတပ်တဲ့ လူတွေကို ဒဏ်ငွေတပ်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ သြစတြေးလျရဲ့ ဒုတိယ လူအသိပ်သည်းဆုံး ပြည်နယ် ဗစ်တိုးရီးယားမှာ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း အသစ်ကူးစက်ခံလူနာ မရှိတာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အရင်က တနိုင်ငံလုံး ကူးစက်ခံ သေဆုံးသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဗစ်တိုးရီးယားပြည်နယ်ထဲမှာ သေဆုံးခဲ့တာပါ။ အခုတော့ ၂၅ ရက်ဆက်တိုက် ကူးစက်မှုမရှိဘဲ ထိန်းသိမ်းထားနိုင်ခဲ့ပါပြီ။ ကိုဗစ်-၁၉ ကပ်ဘေးဒုတိယလှိုင်းကို ထိန်းချုပ်နိုင်ခဲ့လို့ ကွင်းစလန်ပြည်နယ်က ဗစ်တိုးရီးယားပြည်နယ်နဲ့ နယ်စပ်ကို လာမယ့်အင်္ဂါနေ့က စပြီး ပြန်ဖွင့်ပေးတော့မှာပါ။ သြစတြေးလျနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံဦးရေ စုစုပေါင်း ၂၇,၈၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ ၉၀၇ ယောက် သေဆုံးခဲ့ပါတယ်။ အခုတော့ နိုင်ငံအတွင်း ကူးစက်ခံ ၁၀၀ သာ ကျန်တော့ပြီး အများစုက ဟိုတယ်အတွင်း ရောဂါခြေချုပ်နဲ့ ဆေးကုသခံယူ နေထိုင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up