မင်းလှမြို့နယ်၌ ကမ်းပြိုကျ ကျောက်တုံးပိမိပြီး လူ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
November 24, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ဥတစ်လုံးတောင်မှာ နိုဝင်ဘာ ၂၃ ရက်က ကမ်းပြိုကျပြီး ကျောက်တုံးပိတဲ့အတွက် ထင်းခုတ်နေတဲ့ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ စိန်ကန့်လန့် လူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။
နိုဝင်ဘာလ ၂၃ ရက် နေ့လယ် ၁ နာရီလောက်မှာ မင်းလှ-မြို့ချောင်းကားလမ်းဘေး ရွေးကုန်းအုပ်စုအပိုင် ပဲခူးရိုးတောအတွင်းရှိ ဥတစ်လုံးတောင်မှာ အမျိုးသား ၅ ယောက်က ထင်းခုတ်သွားစဉ် ကမ်းပြို ကျောက်တုံးပိတဲ့အတွက် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားတာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုဆေးကုသဖို့ မင်းလှဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့တယ်လို့ စိန်ကန့်လန့် လူမှုကယ်ဆယ်ရေး အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ရွေးကုန်းအုပ်စု ရဲတပ်သားနယ်ထိန်း သိန်းထွဏ်းအောင်က “နေ့လယ် ၂ နာရီလောက် ရွေးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ဥတစ်လုံးတောင်မှာ ထင်းခုတ်နေတဲ့သူတွေ ကျောက်တုံးပိနေတဲ့လို့ ဖုန်းဆက်အကြောင်းကြားလို့ နယ်ထိန်း တပ်ဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှု စစ်ဆေးရာ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တာတွေ့ရတယ်”လို့ ပြောပါတယ်။
အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဖို့အတွက် မင်းလှမြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
သတင်း - သက်နိုင်ဝင်း