ဇန်နဝါရီအပြောင်းအရွှေ့တွင် အဲရစ်ဆင် အသင်းကထွက်ခွာနိုင်ဟု အင်တာစီအီးအို အတည်ပြု

ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင်ဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားနိုင်တယ်လို့ အင်တာမီလန်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဘတ်ပီမာရော့တာက အတည်ပြုပါတယ်။  ဒိန်းမတ် လက်ရွေးစင်ကစားသမား အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ရောက်ရှိခဲ့သူဖြစ်ပြီး အစောပိုင်းကာလမှာ အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်လာရပြီး အင်တာမီလန်နည်းပြ ကွန်တီက သူ့ကို အသင်းကနေ ဖယ်ရှားတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီခန့်မှန်းချက်တွေကို မာရော့တာက အတည်ပြုပေးလိုက်တာဖြစ်ပြီး စပါး ကွင်းလယ်လူဟောင်းအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ ပြောပါတယ်။  မာရော့တာက “ပြီးခဲ့တဲ့နေ့ အဲရစ်ဆင်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ ကွန်တီက အရှင်းလင်းဆုံးပုံစံနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကျနော် တခုရှင်းပြချင်တာက အသင်းအနေနဲ့ ပြောင်းဖို့ တောင်းဆိုခံရတဲ့ ကစားသမားကို ဆွဲထားမှာမဟုတ်သလို မှန်ကန်တဲ့ ခန့်မှန်းထွက်ချက်မှုမျိုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကွန်တီဟာ အဲရစ်ဆင်ကို လေးလေးစားစား ဆက်ဆံနေပြီး လက်ရှိအချိန်အထိ သူ့အတွက် ကမ်းလှမ်းမှုမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ အချိန်ကျရင် ကျနော်တို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အဲရစ်ဆင်ဟာ အသင်းကို ပြဿနာရှာခြင်းမရှိသလို ထွက်ခွာဖို့ တောင်းဆိုခြင်း မရှိသေးကြောင်းလည်း မာရော့တာက ဆက်လက်ပြောဆိုခဲ့ပေမယ့် လမ်းခွဲလိုက်ခြင်းက နှစ်ဖက်စလုံးအတွက် ကောင်းတဲ့အဖြေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ အဲရစ်ဆင်ဟာ အခုရာသီအတွင်း အင်တာမီလန်အသင်းအတွက် ထိထိရောက်ရောက် ကစားခွင့် မရရှိထားပေမယ့် အိုက်စလန်နဲ့ ကစားခဲ့တဲ့ ဒိန်းမတ်အသင်းရဲ့ ပွဲစဉ်မှာတော့ လက်ရွေးစင်အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up