မြစ်အတွင်း ရေနစ်သည့်တရုတ်ကျောင်းသူကို ဗြိတိန်သံအမတ် ကယ်တင် (ရုပ်သံ)

ရေနစ်နေတဲ့ တရုတ်တက္ကသိုလ်ကျောင်းသားတဦးကို ဗြိတိန်သံတမန်တဦးက မြစ်ထဲခုန်ချကာ ကယ်တင်နိုင်ခဲ့တယ်လို့ ပေကျင်းမှာရှိတဲ့ ဗြိတိန်သံရုံးနဲ့ တရုတ်နိုင်ငံပိုင်မီဒီယာတို့မှာ ဖော်ပြပါတယ်။ နိုဝင် ဘာ ၁၄ ရက်က တက္ကသိုလ်ကျောင်းသူ တဦးဟာ မြစ်ထဲကို မတော်တဆပြုတ်ကျသွားခဲ့ပြီး  ရေမနစ်အောင်ရုန်းကန်နေရတာကို မြင်တွေ့ခဲ့ရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်သံမှူး စတီဖင် အီလစ်ဆင်က  ကယ်တင်ခဲ့တာလို့ နိုင်ငံပိုင် Xinhua သတင်းမှာ ဖော်ပြပါတယ်။ လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း အမျိုးသမီးတဦး ရေထဲမှာ ရုန်းကန်နေရတာကို ဘေးနားက လူတွေက ဝိုင်းဝန်းအော်ဟစ် အကူအညီတောင်းနေတာ မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်မှာ သံအမတ်က ဖိနပ်ချွတ်ကာ ရေထဲကို ခုန်ချပြီး သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။  ဒီဗွီဒီယိုဖိုင်ကို ဖြစ်ရပ်အနီးမှာ ရှိနေသူတဦးက ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အသက်ကယ်အင်္ကျီတွေ ရောက်ရှိလာပြီး အီလစ်ဆန်ရော အမျိုးသမီးကိုပါ ဘေးကင်းစွာ ဆယ်ယူနိုင်ခဲ့ပါတယ်။ နောက်ထပ်ဖြတ်သွားဖြတ်လာတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာလည်း သံတမန်ဟာ အမျိုးသမီးရှိရာ မြစ်လယ်ကို ရေကူးသွားခဲ့ပြီး သူမကို ဆွဲခေါ်ကာ ကမ်းခြေဘက်ကို ပြန်ပါလာတာကိုလည်း မြင်တွေ့ရပါတယ်။  “အမျိုးသမီးလေးဟာ မကြာခင်မှာ တင်သတိပြန်ရကာ အသက်ပြန်ရှုနိုင်ခဲ့ပါတယ်။ ကယ်ဆယ်ပေးခဲ့မှုအတွက်  ကျေးဇူးတင်ပါတယ်” လို့ ဒေသခံတာဝန်ရှိသူများကို ကိုးကားပြီး  Xinhua သတင်းမှာ ဖော်ပြပါတယ်။  သံအမတ်အီလစ်ဆန်ရဲ့လုပ်ရပ်ဟာ တရုတ်နိုင်ငံသားတွေကြားမှာ တော်တော်လေး ရေပန်းစားသွားခဲ့ပြီး ဒီလိုမွန်မြတ်တဲ့လုပ်ရပ်အတွက် အားလုံးက ဂုဏ်ယူနေကြတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။  တရုတ်-ဗြိတိန်ဆက်ဆံရေးဟာ ဟောင်ကောင်ကိစ္စနဲ့ပတ်သက်လို့ မကြာသေးခင်လမှာ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up