ကိုဗစ်ဖြစ်နှုန်းပိုများလာနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
DVB
·
November 21, 2020
ကိုဗစ်ဖြစ်နှုန်းများတဲ့နေရာတွေမှာ Stay at Home ကြေညာရမှာဖြစ်ပြီး နောက်အပတ်တွေမှာ ကိုဗစ်ဖြစ်နှုန်းပိုများလာနိုင်လို့ သတိထားရမယ့် နေရာတွေမှာ ပိုပြီးတင်းကျပ်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မနေ့က ကိုဗစ်အခြေအနေအကြောင်း ပြည်သူကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး လက်ရှိမှာ ကိုဗစ်ပြန့်ပွားနှုန်း ပိုများလာတယ်လို့ ပြောပါတယ်။
“ကျမတို့ခန့်မှန်းတဲ့ အတိုင်းပဲပေါ့။ ကိုဗစ်-၁၉ ပြန်ပြီးတော့ ပြန့်ပွားမှုကများလာပါတယ်။ ဒါကို တွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲအပြီးကာလနဲ့ အခုထိဆိုရင် တပတ်၊ ဆယ်ရက်ဆိုတာ ဒါ စနေတဲ့သဘောပါပဲ။ နောက်နှစ်ပတ်လောက်၊ တပတ်လောက်ဆိုရင် နည်းနည်းပိုပြီးတော့ မြင့်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီဟာအတွက်လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်ထားပြီးသားပါ။ ပြည်သူတွေကလည်း ပြင်ဆင်ထားဖို့လိုပါတယ်” လို့ သတိပေးပါတယ်။
ဆေးရုံကို တက်ရမှာကြောက်လို့ မသွားကြဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပြီး အစပိုင်းက ဆေးရုံတွေမှာ အဆင်သင့်မရှိ မပြည့်စုံပေမယ့် အခုတော့ သေသေချာချာစီစဉ်ထားပြီ လို့ ဆိုပါတယ်။ ပြီးတော့ ကိုဗစ်ကူးစက်ခံရတဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့သူတွေ၊ ရောဂါပြင်းထန်တဲ့သူတွေအတွက် ဆေးရုံကို အစောင့်ခေါ်သွားဖို့ စီစဉ်ပေးတာကြောင့် ရောဂါလက္ခဏာရှိတယ်ဆိုရင် ဆေးရုံကိုမြန်မြန်သွားစေချင်တယ်လို့ ပြောပါတယ်။
“ရောဂါပြန့်ပွားမှုနှုန်းတွေ တက်နေတဲ့နေရာတွေ မှာတော့ Stay at Home ကြေညာရပါလိမ့်မယ်။ ဒါကထိန်းဖို့ ပိုပြီးတော့ ပြန့်ပွားမှုမရှိအောင် ထိန်းဖို့ပေါ့။ လျော့ကျသွားတဲ့နေရာတွေကို ကြည့်ပြီးတော့ ဖြေလျှော့ပေးပါမယ်။ ကိုဗစ်နဲ့ပတ်သက်လို့ အချိန်ကလည်း နည်းနည်း ကြာလာပြီ၊ တော်တော် အတွေ့အကြုံများလာပြီဆိုတော့ ဘယ်ကဏ္ဍတွေမှာ လျှော့ပေးလို့ရမလဲ၊ ဘယ်ကဏ္ဍတွေမှာ ဆက်ပြီး ခပ်တင်းတင်းကျပ်ကျပ် စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ထားရမလဲ၊ ဘယ်ကဏ္ဍတွေမှာ နည်းနည်းပိုပြီးတော့ စည်းမျဉ်းစည်းကမ်း တင်းတင်းကျပ်ကျပ်လုပ်ဖို့လိုတယ်ဆိုတာကို မြင်လာပါတယ်။ ဒါကြောင့် အခြေအနေကောင်းလာတာနဲ့အမျှ ဖြေလျှော့ပေးမှာဖြစ်ပါတယ်။ နောက်အခြေအနေ နည်းနည်းပိုပြီးတော့ သတိထားရမယ့် နေရာတွေမှာဆိုရင် ပိုပြီးတော့ တင်းကျပ်ရပါလိမ့်မယ်”
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကျန်တဲ့ သက်ဆိုင်ရာဌာနတွေက လေ့လာပြီး လိုအပ်သလို လိုတိုးပိုလျှော့ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာကွယ်ဆေးပေါ်ရင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုအဖွဲ့တွေရဲ့ အကူအညီနဲ့ မြန်မြန်ဆန်ဆန် ကာကွယ်ဆေးရအောင် အစီအစဉ်တွေ လုပ်ထားတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးတို့မှာ နှစ်စဉ်လုပ်နေကျဖြစ်တဲ့ လူစုလူဝေးနဲ့ ခရစ္စမတ်ပွဲတော်ကို ဒီနှစ် ခွင့်ပြုမထားဘဲ ပြည်သူတွေရဲ့ စိတ်ကျဉ်းကျပ်မှုတွေကို နားလည်သောအားဖြင့် ရုပ်မြင်သံကြားက တဆင့် ပြည်သူတွေအတွက် ဖျော်ဖြေရေး အစီအစဉ်တွေ တတ်နိုင်သမျှ လုပ်ဖို့ကြိုးစား နေတယ်လို့လည်း ပြောပါတယ်။