Home
မြန်မာသတင်း
စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်အတွက် အွန်လိုင်းက လက်တွေ့ပညာပေးမည်ဟု အတိုင်ပင်ခံပြော
DVB
·
November 21, 2020
အွန်လိုင်းကနေ စီးပွားရေးနဲ့ ပညာရေး၊ အလုပ်အကိုင်အတွက် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဒီရက်ပိုင်းမှာပဲ လက်တွေ့ပညာပေးမှာဖြစ်ပြီး စီမံကိန်းချလုပ်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ကိုဗစ်အခြေအနေအကြောင်း ပြည်သူကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး ပြည်သူတွေ အိမ်ထဲမှာနေတဲ့အခါ မငြီးငွေ့ မပျင်းရိအောင်နဲ့ အကျိုးရှိအောင် အစီအစဉ်တွေ ချနေတာလို့ ဆိုပါတယ်။ နောက်အပတ်ကနေစပြီး အင်္ဂါနေ့တိုင်းမှာ ရုပ်မြင်သံကြားကနေ ပုံမှန်ကျန်းမာရေး အမေးအဖြေ အစီအစဉ်တွေ လုပ်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ အွန်လိုင်းနည်းပညာတွေ သုံးပြီး၊ ခေတ်မီ နည်းပညာတွေ သုံးပြီး စီးပွားရေးဘက်မှာ၊ ပညာရေးဘက်မှာ ချိတ်ဆက်ပြီးတော့ ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ ပညာပေးအစီအစဉ်တွေ လုပ်မယ်လို့ ပြောပါတယ်။ “ကြာသပတေးနေ့ကျရင် ဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ပုံစံနဲ့ ပြပါမယ်။ ဥပမာအားဖြင့် တောင်သူလယ်သမားတယောက်က သူ့မှာရှိနေတဲ့ ရွှေဖရုံသီးတွေ ရောင်းချင်တယ်ဆိုရင် ရွှေဖရုံသီးရောင်းနိုင်တယ်ဆိုတာကို သိအောင်လို့ အွန်လိုင်းကနေပြီး အသိပေးလိုက်ရင် ရွှေဖရုံသီးဝယ်ချင်တဲ့မြို့က စားသောက်ဆိုင်ကပဲဖြစ်ဖြစ်၊ အသီးအနှံရောင်းတဲ့ ဆိုင်ကပဲဖြစ်ဖြစ်  ချိတ်ဆက်ပြီး   စီးပွားရေးလုပ်ငန်း ဖြစ်အောင်လုပ်နိုင်တာကို ပြောတာပါ။ ဒီဟာတွေက အလုပ်နဲ့ ပတ်သက်လို့လည်း လုပ်လို့ရတယ်။ ဥပမာ လုပ်ငန်းရှင်တယောက်က  ဘယ်လိုအရည်အချင်းနဲ့ ကိုက်ညီတဲ့  ဝန်ထမ်းတယောက်လိုချင်တယ်ဆိုရင် အဲဒါကို အွန်လိုင်းမှာတင်လိုက်လို့ရှိရင် အဲဒီ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ပြည်သူတဦးက လုပ်ငန်းရှင်နဲ့ချိတ်ဆက်ပြီး အလုပ်ကို ရအောင်လို့ ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြောတာတွေကို လုပ်ပြမယ်ဆိုရင် ပြည်သူတွေ ရှင်းရှင်းလင်းလင်း နားလည်ပြီး လုပ်တတ်သွားမယ်လို့ ယူဆပါတယ်။” ဗုဒ္ဓဟူးနေ့မှာ သီအိုရီအရ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာကို ပြောပြီးတော့ ကြာသပတေးနေ့မှာတော့ ရွေးချယ်ထားတဲ့    ဝယ်လိုအားရှိတဲ့သူ  တယောက်နဲ့ ရောင်းလိုအား ရှိတဲ့သူတယောက်  ချိတ်ဆက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ခန်းစာအဖြစ် သိသွားအောင်လို့ လုပ်ပေးမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းကျရင်တော့ ဒါတွေကို ပိုပြီး တိုးချဲ့ပေးမယ်လို့လည်းဆိုပြီး ကိုဗစ်အလွန်ကာလမှာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြန်ပြီး ဦးမော့လာဖို့ ဒီဟာတွေကို အားပေးဖို့လိုတယ်လို့ ပြောပါတယ်။ ပြည်သူတွေရဲ့ အရည်အချင်းတွေ၊ နည်းပညာ အရည်အချင်းတွေ မြှင့်တင်ပေးဖို့လိုပြီး အစိုးရနဲ့ ပြည်သူတွေကြား ချိတ်ဆက်တာမှာ၊ အစိုးရဌာနတွေနဲ့ ပြည်သူတွေအကြား ချိတ်ဆက်တာ မျိုးတွေလည်း ပိုမိုပြီးတော့ လုပ်လာမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024