Homeမြန်မာသတင်း
ငွေကြေးပေးဆောင်ပြီးမှ ကျောက်မျက်တူးခွင့်မပြုသဖြင့် တပိုင်တနိုင်ကျောက်တူးသူများ အခက်တွေ့
ငွေကြေးပေးဆောင်ပြီးမှ ကျောက်မျက်တူးခွင့်မပြုသဖြင့် တပိုင်တနိုင်ကျောက်တူးသူများ အခက်တွေ့
DVB
·
November 20, 2020
ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာအနီးမှာ ကျောက်စိမ်းတူးဖော်ဖို့ နယ်မြေခံတပ်မတော်ကို တပိုင်တနိုင် ကျောက်စိမ်းတူးသူတွေက ငွေကြေးပေးခဲ့ရပြီး အဲဒီလိုပေးဆောင်ပြီး ၁ လမပြည့်ခင်မှာပဲ ဆက်လက်တူးဖော်ခွင့် မပြုတော့တာကြောင့် ငွေကြေးပေးခဲ့ရတဲ့ တပိုင်တနိုင် ကျောက်တူးသူတွေ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။
အဲဒီလို တူးဖော်ခွင့်ရဖို့အတွက် ကျောက်ကျင်းတစ်ကျင်းကို ၁ သိန်းနှုန်းကောက်ခံပြီး ကျောက်ကျင်းဆီကို သွားရာမှာအသုံးပြုတဲ့ ဖောင်တခုကို သုံးသိန်းနှုန်း လစဉ်ကြေး ကောက်ခံခဲ့ကာ ရရှိတဲ့ ကျောက်မျက်အပေါ်မှာလည်း အချိုးကျခွဲဝေမှုတွေပြုလုပ်ရတယ်လို့ ကျောက်တူးသူတွေက ပြောပါတယ်။
အဲ့ဒီနေရာမှာ လုပ်ကိုင်နေတဲ့ ကျောက်ကျင်းပေါင်း ၁၀၀ ကျော်ရှိပြီး ရေကူးဖောင်ပေါင်း ၆၀ ကျော်ရှိတယ်လို့လည်း ကျင်းတူးတဲ့သူတွေက ပြောပါတယ်။
ငွေကြေးကောက်ခံရာမှာ ဝှေခါကျေးရွာက ရပ်မိရပ်ဖတွေက ကော်မတီဖွဲ့ ကောက်ခံနေတာဖြစ်ပြီး ရရှိလာတဲ့ ပိုက်ဆံတွေကို နယ်မြေခံတပ်ရင်းကို ပေးရတာလို့ ကျင်းတူးသမားတွေက ဆိုပါတယ်။
အခုလို ငွေကြေးတောင်းခံမှုတွေနဲ့ပတ်သက်လို့ တပ်မ ၃၃ လက်အောက် ဝှေခါအခြေစိုက် တပ်စခန်းက ဗိုလ်ကြီး သန်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မိမိတို့အနေနဲ့ ကျောက်လည်း မရသလို ငွေကြေးလည်း တောင်းခံတာမျိုးမရှိဘဲ လုံခြုံရေးတာဝန်သာ ထမ်းဆောင်ရတဲ့ အဖွဲ့စည်းဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲ့ဒီနေရာဟာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက ကျောက်စိမ်းတောင် ကမ်းပါးနံရံပြိုကျပြီး လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ကာ ၆၀ နီးပါး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့နေရာဖြစ်တဲ့အတွက် ကျောက်စိမ်းမတူးဖော်ဖို့ နိုင်ငံတော်က အထူးတားမြစ်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။
ဇော်မိုးထက်