Homeမြန်မာသတင်း
အန်အယ်လ်ဒီအနိုင်ရခဲ့သဖြင့် နှစ်နိုင်ငံပူးပေါင်းမှု ပိုခိုင်မာရန်မျှော်လင့်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော
အန်အယ်လ်ဒီအနိုင်ရခဲ့သဖြင့် နှစ်နိုင်ငံပူးပေါင်းမှု ပိုခိုင်မာရန်မျှော်လင့်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
November 19, 2020
မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့ပြီးနောက် ထိုင်ဝမ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ခိုင်ခိုင်မာမာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အန်အယ်လ်ဒီပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာမို့ နောက်ထပ်သက်တမ်း ၅ နှစ်ဆက်လက်ပြီး အစိုးရဖွဲ့နိုင်ပြီပဲ ဖြစ်ပါတယ်။
ထိုင်ဝမ်အနေနဲ့ တောင်ဘက်ခရီးဆီ မူဝါဒသစ်(New Southbound Policy) အရ မြန်မာနိုင်ငံ အပါအဝင် တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ ဩစတြေးလျနိုင်ငံတွေနဲ့ ကုန်သွယ်မှုကနေ ပညာရေးထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲတွေ ကျင်းပတာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တရပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဖြစ်စဉ်ဟာလည်း အစိုးရရဲ့ တိုးတက်မှုဖြစ်တယ်လို့ ဝူက ဆိုပါတယ်။
ခုလို ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ မြန်မာနိုင်ငံအနေနဲ့ ရွေးကောက်ပွဲကို အောင်အောင်မြင် မြင် ကျင်းပနိုင်ခဲ့တာကိုလည်း ချီးကျူးကြောင်းနဲ့ အစိုးရသစ်နဲ့အတူ ဒီမိုကရေစီပိုမိုရှင်သန်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ ထိုင်ဝမ်က ပံ့ပိုးကူညီမှာဖြစ်ပြီး နှစ် နိုင်ငံကြား ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုနဲ့ အပြန်အလှန်အကျိုးစီးပွားတိုး တက်စေဖို့လည်း ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။