ဖမ်းဆီးခံ ကိုယ်စားလှယ်လောင်း ၃ ဦးကို NLD ချီးကျူးဂုဏ်ပြု
DVB
·
November 18, 2020
အေအေအဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်မြို့နယ်က အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ဦးကို အထူးချီးကျူးဂုဏ်ပြုတဲ့ အကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားတာဖြစ်ပြီး အန္တရာယ်များကြားက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အေအေက ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို အထူးချီးကျူး ဂုဏ်ပြုအပ်ပါသည်လို့ ဖော်ပြထားပါတယ်။
အခုဖြစ်ရပ်ဟာ ဒီမိုကရေစီရဲ့ ရေသောက်မြစ်ဖြစ်တဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မြောက်ရေးကို အထိနာစေတယ်လို့လည်း ကြေညာချက်မှာ ရေးသားထား ပါတယ်။
ကိုဗစ်-၁၉ ရောဂါ စိန်ခေါ်မှုတွေကြားက အထွေထွေရွေးကောက်ပွဲကို လွတ်လပ် တရားမျှတရေးအတွက် ပင်ပန်းစွာဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ စေတနာဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
အခုကျင်းပခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီအနေနဲ့ ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပြီး ၁၉၉၀ တုန်းက အနိုင်ရခဲ့တဲ့ ၈၂ ရာခိုင်နှုန်းကို ကျော်လွန်နိုင်ခဲ့ကြောင်း အနိုင်ရရှိသွားတဲ့ တိုင်းရင်းသားပါတီတွေကိုလည်း ဂုဏ်ပြုတယ်လို့ ဖော်ပြထားပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ဖိတ်ခေါ် ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ချုပ်ဝင် အားလုံးကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ရွေးချယ်မခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကြိုးပမ်းမှုတွေကို ကျေးဇူးတင်စွာ အသိအမှတ်ပြုတယ်လို့လည်း အန်အယ်လ်ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။