ပတ်ရှင်ဟေး ပါဝင်သည့် ကိုရီးယားလျှို့ဝှက်သည်းဖိုရုပ်ရှင် – The Call နက်ဖလစ်စ်မှ ပြသမည်(နမူနာ)

ကိုရီးယားစတား ထိပ်တန်းသရုပ်ဆောင်မင်းသမီး ပတ်ရှင်ဟေး ပါဝင်တဲ့ လျှို့ဝှက်သည်းဖို ရုပ်ရှင်-The Call ကို နက်ဖလစ်စ်ကနေ ထုတ်လွှင့်ပြသွားမယ်လို့ သိရပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Lee Chung Hyun က ရိုက်ကူးပုံဖော်ပေးထားတာဖြစ် ပြီး ပတ်ရှင်ဟေးနဲ့အတူ မင်းသမီး Jeon Jong-seo က အပြိုင်ပါဝင်သွားကြမှာ ဖြစ်ပါ တယ်။ အမျိုးသမီးဇာတ်ကောင်အသားပေး ဒီရုပ်ရှင်ကားထဲမှာတော့ မတူညီတဲ့ အချိန်ကာလ ၂ ခုမှာ နေထိုင်ကြတဲ့ အမျိုးသမီး ၂ ယောက်ကြားက အံ့အားသင့်စရာ ဇာတ်လမ်းအချိတ်အဆက်တွေနဲ့ ပုံဖော်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ Seo-yeon ဟာ အိမ်အိုဟောင်းတလုံးဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် Young-sook လို့ အမည်ရတဲ့ သူစိမ်းအမျိုးသမီးတယောက်ဆီက ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအမျိုးသမီးက သူ ပြောင်းရွှေ့လာခဲ့တဲ့အိမ်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရှိခဲ့ရပြီးနောက် မတူညီတဲ့ အချိန်ကာလတွေကြား သူတို့ ၂ ယောက်ရဲ့ ကံကြမ္မာက ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လို သွေးပျက်ထိတ်လန့်စရာ အကြောင်းတရားတွေ ထပ်ပေါ်လာဦးမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ပတ်ရှင်ဟေးကိုတော့ မြန်မာပရိသတ်တွေကို အထူးမိတ်ဆက်ပြောပြပေးဖို့ လိုမယ် မထင်ပါဘူး။ သူဟာ Stairway to Heaven (2003)၊ Tree of Heaven (2006) ရုပ်ရှင် ကားတွေနဲ့ ပရိသတ်အားပေးမှုတွေ ရရှိခဲ့တာဖြစ်ပြီး You're Beautiful (2009)၊ The Heirs (2013)၊ Pinocchio (2014–2015)၊ Doctors (2016)၊ Memories of the Alhambra (2018–2019)စတဲ့ ရုပ်သံစီးရီးစ်တွေနဲ့ လက်ရှိအချိန်ထိ အောင်မြင်မှုတွေရရှိနေဆဲ မင်းသမီးတလက် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ သူဟာ နာမည်ကြီး ကိုရီးယားရုပ်ရှင်အနုပညာ ထူးချွန်ဆုတခုဖြစ် တဲ့ Baeksang Arts Awards ဆုအပါအဝင် ထူးချွန်ဆုပေါင်း ၃၀ လောက် ဆွတ်ခူးရရှိထား သူ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ထွက် Burning ရုပ်ရှင်နဲ့ နာမည်ရလာတဲ့ သရုပ်ဆောင်မင်းသမီး Jeon Jong-seo ကလည်း နောက်ပိုင်း သရုပ်ဆောင်အရည်အသွေးတက်လာသူ မျက်နှာသစ် သရုပ်ဆောင်တယောက် ဖြစ်တာမို့ The Call ရုပ်ရှင်ထဲမှာ သူတို့နှစ်ယောက် ဘယ်လို ပီပီပြင်ပြင် တွဲဘက်သရုပ်ဆောင်ထားကြမလဲ ဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရုံတင်ရက်တွေ  ရွှေ့ဆိုင်းလာခဲ့ရတာဖြစ်ပြီး လတ်တလောမှာတော့ နက်ဖလစ်စ်ကနေ လာမယ့်နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up