Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး အန်အယ်လ်ဒီအပါအဝင် အားလုံးနှင့်ပူးပေါင်းမည်ဟု မွန်ညီညွတ်ရေးပါတီ အနိုင်ရကိုယ်စားလှယ်ပြော
DVB
·
November 13, 2020
တိုင်းရင်းသားအခွင့်အရေးတွေအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ပြီး တစ်စုတစ်ဖွဲ့တည်းမပြင်နိုင်တာမို့ အန်အယ်လ်ဒီ အပါအဝင် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့သူ မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကျင့်သုံးသွားဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး လုပ်နေတာမဟုတ်ဘဲ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ "တကယ်တမ်းတိုင်းရင်းသားအခွင့်အရေး၊ အမျိုးသားအခွင့်အရေးနဲ့ပတ်သက်လို့ အပြည့်အဝ အကောင်အထည်ဖော်ရမယ်ဆိုလို့ရှိရင် အခြေခံဥပဒေပြင်ရမယ်၊ အခြေခံဥပဒေက တကယ့် ဖက်ဒရယ်ဒီမိုကရေစီပုံစံ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ဒါကို ကျနောတို့ ပြင်ရမယ်၊ အဲ့လိုပြင်တဲ့နေရာမှာ တစ်စုတစ်ဖွဲ့တည်းမပြင်နိုင်ဘူး၊ အန်အယ်လ်ဒီ ပါတီထဲလည်း မပြင်နိုင်ဘူး၊ ဒါ သေချာတယ်။ နောက်ပြီးတော့ တိုင်းရင်းသားပါတီ တွေစုပေါင်းပြီး ပြင်မယ်ဆိုရင်လည်း ဒါလည်း မပြင်နိုင်ဘူး၊ ကျနော်တို့ တိုင်းရင်းသားပါတီများ အားလုံး အန်အယ်လ်ဒီ ပါတီနဲ့ အခြား ပြည်ထောင်စု အဆင့်ရှိတဲ့ပါတီများနဲ့ အားလုံး ပူးပေါင်းရမယ်၊ ညှိနှိုင်းရမယ်၊ တပ်မတော် အဓိက အရေးကြီးတယ်၊ တပ်မတော်ကိုလည်း ညှိနှိုင်းရမယ်၊ တပ်မတော်ရဲ့ သဘောတူညီမှုမရဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လိုမှ ပြင်လို့မရဘူး" လို့ ဒေါက်တာ ဗညားအောင်မိုးက  ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ကတည်းက အခြေခံဥပဒေပြင်ဆင်ရေးမူနဲ့ ရပ်တည်ခဲ့တာဖြစ်ပြီး မည်သို့ပင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမှာဖြစ်ကြောင်း မွန်ပါတီမပေါင်းစည်းရသေးခင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနနဲ့ ပထမအကြိမ် လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာဗညားအောင်မိုး က ဆိုပါတယ်။ ငြိမ်းဖောင်ဒေးရှင်းအကြံပေးအဖွဲ့ဝင် ဦးလွင်ကတော့ "တိုင်းပြည်တစ်ပြည်မှာ ပါတီစုံဒီမိုကရေစီ ဆိုတာ ပါတီအနိုင်ရဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားကြတယ်၊ အနိုင်ရရင်တက်လာတဲ့ အစိုးရ ဆိုတာရှိတယ်၊ ကိုယ်စားလှယ်အားလုံးက တက်လာတဲ့အစိုးရက ကိုယ့်အစိုးရဆိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာလျှင် တိုင်းပြည် တိုးတက်မှာပါ၊ တိုင်းပြည်တိုးတက်ဖို့အတွက် ဝိုင်းလုပ်ကြရမှာပါ၊ နိုင်ငံရေးမှာ ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး " လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေးမြို့နယ်အတွင်းယှဉ်ပြိုင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ကျေးရွာတွေက ဆန္ဒမဲအများစုနဲ့ ကိုယ်စားလှယ် ၅ နေရာလုံးမှာ နေရာပြည့် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ သတင်း - ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024