ရွေးကောက်ပွဲကုန်ကျစရိတ် သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းရန် နှိုးဆော်
DVB
·
November 11, 2020
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး နှိုးဆော်လိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်ကို ကြေညာတဲ့ရက်ကစပြီး ရက်ပေါင်း ၃၀ အတွင်း သူတို့ အမည်စာရင်းတင်သွင်းခဲ့ကြတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) နဲ့ တင်သွင်းကြရမယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းပါက သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်းခံရမယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။