ပူတာအိုခရိုင်တွင် မဲရုံတာ၀န်ကျ ကျောင်းဆရာ ၁ ဦး ရေထဲမျောပါပျောက်ဆုံးနေ
DVB
·
November 9, 2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းက ပန်နန်းဒင်မြို့ရှိ တဇုံဒမ်းကျေးရွာအုပ်စုမှာ မဲရုံတာ၀န်ကျ ကျောင်းဆရာတဦး နို၀င်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ရေချိုးဆင်းရင်းနဲ့ ရေထဲမျောပါပျောက်ဆုံးသွားတယ်လို့ နောင်မွန်မြို့နယ် ရွေးကောက်ပွဲ အရာရှိတဦးက ပြောပါတယ်။
ဒဇုံဒမ်းကျေးရွာအုပ်စုရှိ မဲရုံအမှတ် ၂၂ မှာ တာဝန်ကျတဲ့ မဲရုံအဖွဲ့ဝင် (မဲစာရင်းစစ်ဆေးသူ) တဦးဖြစ်သူ ဦးရဲထွေးအောင် ဆိုသူဟာ ဒဇုံဒမ်းကျေးရွာနဲ့ တဆူထုကျေးရွာကြားရှိချောင်းမှာ ရေဆင်းချိုးရာမှ ခြေချော်ကျပြီး ရေချောင်းအတွင်းမျောပါ ပျောက်ဆုံးနေတာလို့ နောင်မွန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးအောင်စောဦးက ပြောပါတယ်။
“ညနေပိုင်း ၅ နာရီ ခွဲအချိန်လောက်မှာ ရေဆင်းချိုး၊ ဓာတ်ပုံရိုက်ရင်းနဲ့ ခြေချော်ပြီး ရေထဲ မျှောပါသွားတာပါ၊ ခုချိန်ထိ ရှာဖွေတာ မတွေ့သေးဘူးပါ။”
ပျောက်ဆုံးသူဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ကဖြစ်ပြီး မဲစာရင်းစစ်တစ်ဦးအဖြစ် တာ၀န်ကျသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ခါကာဘိုတောင်ခြေဒေသ အဲဒီမဲရုံရှိတဲ့နေရာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် မဲရုံသုံးပစ္စည်းတွေကို ခြေလျင်ခရီးနဲ့ ၇ ရက်၊ ၈ ရက်ကြာ ပို့ဆောင်ရတယ်လို့ သိရပါတယ်။
ရေထဲမျောပါပျေက်ဆုံးသွားတဲ့ ကျောင်းဆရာကို ဒီနေ့မွန်းတည့်ပိုင်းအထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
သတင်း - ဖေနောင်းအောင်(ပူတာအို)၊ ဓာတ်ပုံ - ဦးခန်ထီးဖုန်ဆားရ်